မဇ္ဈိမ သတင်းဌာန အမည်ဖြင့် တယ်လီဂရမ်ချန်နယ် အတု

မဇ္ဈိမ ။ ။ တယ်လီဂရမ်မှာ မဇ္ဈိမ မီဒီယာရဲ့ အမည်ကို အသုံးပြုထားတဲ့ “Mizzima – News in Burmese” ဆိုတဲ့ အမည်နဲ့ ချန်နယ်တခု ရှိနေပါတယ်။

ဒီချန်နယ်ဟာ ၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်နေ့ကတည်းက စတင်ပြီး အသုံးပြုထားတာပါ။ ခုချိန်မှာတော့ သတင်းစောင့်ဖတ်ဖို့ subscribers ၂၇,၈၅၇ ရှိနေပါပြီ။ မူလမှာတော့ မဇ္ဈိမ မီဒီယာက သတင်းတွေကို ကူးယူဖော်ပြထားပြီး မဇ္ဈိမ Youtube ချန်နယ်က သတင်းလင့်တွေ၊ မဇ္ဈိမသတင်း ဝက်ဆိုက်ဒ် ပေါ်က သတင်းတွေကို ဖော်ပြထားပါတယ်။ ဒါနဲ့ တဆက်တည်းမှာပဲ တခြားဝက်ဆိုဒ်လင့်တွေကို ထည့်သွင်းဖော်ပြတာပါ။

ဒီချန်နယ်က ဖော်ပြတဲ့ သတင်းလင့်တွေဟာ သာမာန် သတင်း ဝက်ဆိုက်ဒ်တွေလို “.com, .org, .com.mm” စတဲ့ စာလုံးတွေနဲ့ ဆုံးတာ မဟုတ်ဘဲ “.xyz” နဲ့ ဆုံးတဲ့ လင့်တွေဖြစ်ပါတယ်။

ခုနောက်ပိုင်းမှာတော့ တခြားသတင်း ကူးယူဖော်ပြမှုတွေကို တိုက်ရိုက်မဖော်ပြတော့ဘဲ အထက်မှာ ဖော်ပြခဲ့သလိုပဲ “.xyz” နဲ့ ဆုံးတဲ့ ဝက်ဆိုဒ်ကနေ ဖော်ပြတာပါ။

သူဖော်ပြထားတဲ့ ဝက်ဆိုဒ်ထဲ ဝင်မယ်ဆိုရင်တော့ ကြော်ငြာတွေနဲ့အတူ သတင်းဓါတ်ပုံတွေကို အရင်ဆုံး မြင်ရမှာပါ။ သတင်းဖတ်ရှုဖို့အတွက်ကိုလည်း ခလုတ်နှိပ်ဖို့ နေရာပေးထားပြီး အဲ့ဒီကနေမှ တဆင့် နောက်ထပ် ဝက်ဆိုက်ဒ် တခုထဲမှာတော့ သတင်းဌာနတွေက တင်ဆက်ထားတဲ့ သတင်းတွေကို ကူးယူဖော်ပြထားတာပါ။

ခေါင်းစဉ်မှာတော့ “ပေ” ဖြစ်တုန်းက ထုခံရသမျှ အခု ငါတို “တူ”ဖြစ်ပြီ ‘ (မူရင်းအရေးအသားအတိုင်း) လို့ရေးသားထားတဲ့ သတင်းလင့်ကို ဝင်ရောက်ကြည့်ရှုမယ်ဆိုရင် နောက်ဆုံးဖော်ပြထားတဲ့ သတင်းက “နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တွေ သိမ်းပိုက်ရရှိရေး ဆက်လက် ထိုးစစ်ဆင်” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းကို တွေ့ရမှာပါ။ ဒီသတင်းဟာ Mandalay Free Press – MFP ကသတင်းကို ကူးယူဖော်ပြထားတာပဲ ဖြစ်ပါတယ်။ မူရင်း သတင်းလင့် – t.ly/ZEMx_

လူအများစိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ ထိလွယ်ရှလွယ် စကားလုံးတွေ ‘ကျူပင်ခုတ် ‘ကျူငုတ်မကျန်’ စတဲ့ စကားလုံးတွေ အသုံးပြုပြီး ခေါင်းစဉ်ပေးထားပါသေးတယ်။

ဒီလို ဝက်ဆိုဒ်တွေဟာ အမှတ်တမဲ့ဖတ်ရှုလိုက်မယ်ဆိုရင် လူစိတ်ဝင်စားမှုများတဲ့ သတင်းခေါင်းစဉ်တွေနဲ့အတူ သတင်းဌာန အသီးသီးက ဖော်ပြတဲ့ သတင်းတွေကို ကူးယူဖော်ပြတာပါ။ ဒီကနေတဆင့် ဝက်ဆိုက်ဒ်က ဖော်ပြတဲ့ ကြော်ငြာတွေကနေ ဝင်ငွေ ဖန်တီးတာပဲ ဖြစ်ပါတယ်။

ဒီလို ဝက်ဆိုက်ဒ်တွေအကြောင်းကို “သတင်းမီဒီယာအမည်ခံ ကလစ်ဘိတ် ဝက်ဘ်ဆိုက်(Clickbait)များအကြောင်း” ဆိုပြီး မဇ္ဈိမက ရှင်းလင်းဖော်ပြခဲ့ဖူးပါတယ်။ လင့် – t.ly/QaQ7n

ဒီချန်နယ်နဲ့ ပတ်သက်ပြီး မဇ္ဈိမ သတင်းဌာနရဲ့ အသံလွှင့်ဌာနမှူး ကို မေးမြန်းခဲ့ပါတယ်။ မဇ္ဈိမ မီဒီယာဟာ တယ်လီဂရမ်မှာ တရားဝင် ချန်နယ် ၂ ခုရှိနေပြီး ဒါတွေက “Mizzima” အမည်နဲ့ အပြာရောင် အမှတ်အသားပါတဲ့ ချန်နယ်နဲ့ “Mizzima+TV Channel” ပါ။ အထက်က ဖော်ပြခဲ့တဲ့ “Mizzima – News in Burmese” ဆိုတဲ့ အမည်နဲ့ တယ်လီဂရမ်ချန်နယ် မရှိကြောင်း အတည်ပြုပါတယ်။ လင့် – https://t.me/mizzimatv, https://t.me/mizzimaplustv

ဒါကြောင့် မဇ္ဈိမ သတင်းမီဒီယာ အမည်ကို အသုံးပြုပြီး တယ်လီဂရမ်မှာ အသုံးပြုနေတဲ့ “Mizzima – News in Burmese” ဆိုတဲ့ ချန်နယ်ဟာ ချန်နယ်အတုဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။