ဗျိုင်းဖြူရွာတွင် လူသတ်မှုကျူးလွန်ခြင်းမရှိဟု စစ်ကောင်စီ ဗြောင်ငြင်း

JC

(မဇ္ဈိမ)။ ။ လူ ၇၆ ယောက်ကျော် သေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တာမရှိဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေတဆင့် ပြောဆိုခဲ့ပါတယ်။

“ရွာထဲမှာ ရောက်တဲ့အခါမှာ ရွာသားမဟုတ်တဲ့ မသင်္ကာတဲ့လူတွေကို ခေါ်ယူမေးမြန်းနေတယ်။ ခေါ်ယူမေးမြန်းနေတဲ့ အချိန်မှာပဲ ဗျိုင်းဖြူရွာသားမဟုတ်တဲ့ ရွာသားသုံးဦးပေါ့။ ဗျိုင်းဖြူရွာသား မဟုတ်တာတော့ သေချာတယ်။ အဲ့ဒီလူသုံးယောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သေနတ်ကို လုယူပြီး ရန်ပြုဖို့ ကြိုးစားတယ်။ ဒါကြောင့်မို့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရတယ်။ ပစ်ခတ်ခဲ့တဲ့နေရာမှာ ခုနက သေနတ်လုယူတဲ့ အမျိုးသားသုံးဦး သေဆုံးခဲ့တာရှိတယ်။ အဲ့ဒီအထဲမှာ မသင်္ကာတဲ့သူ လူ ၂၀ လောက်ကို ခေါ်ယူထိန်းသိမ်းပြီး တော့မှ စစ်ဆေးလျက်ရှိတယ်။ အဲ့ဒီအထဲ မှာပါတဲ့ AA ရဲ့ ယုတ်မာကောက်ကျစ်ပြီးတော့ ဝါဒဖြန့်မှုဖြစ်တဲ့ လူ ၄၀ လောက် သေဆုံးတယ် တို့ အမျိုးသမီး တွေကို အဓမ္မပြုကျင့်သွားတယ်ဆိုတဲ့ ကိစ္စမျိုး ဖြစ်ပျက်ခဲ့ခြင်း မရှိပါဘူး။”

စစ်ကောင်စီက မသင်္ကာတဲ့လူသုံးယောက်ပဲ ပစ်ခတ်မှုအတွင်းမှာ သေဆုံးခဲ့တယ်လို့ ပြောပေမယ့် အာရက္ခတပ်တော် AA ရဲ့ ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ဗျိုင်းဖြူကျေးရွာက သေဆုံးသူ ၅၃ ယောက်ရဲ့ စာရင်းကို အမည်နဲ့တကွ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း သေဆုံးခဲ့တဲ့ အရပ်သားက ၇၆ ယောက်ရှိတယ်လို့ အာရက္ခတပ်တော် AA က ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်လက်စုံစမ်းနေတယ်လို့ AA က ဆိုထားပါတယ်။ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့ စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တပ်ဖွဲ့ဝင်တွေ၊ တခြားတပ်တွေက ထုတ်နုတ်အင်အားတွေ နဲ့အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီသင်တန်းဆင်း ရိုဟင်ဂျာတပ်ဖွဲ့ (AA ၏ ထုတ်ပြန်ချက်တွင် မွတ်ဆလင်တပ်ဖွဲ့)တွေ ပါဝင်တယ်လို့ AA က ဖော်ပြထားပါတယ်။
လင့် https://t.me/aainfodesk/942 , https://t.me/aainfodesk/936

စစ်ကောင်စီက ဗျိုင်းဖြူကျေးရွာကို မေလ ၂၉ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး AA နဲ့ နီးစပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၁၆ နှစ်အရွယ်ကနေ အသက် ၆၀ ​ကျော်သက်ကြီးပိုင်းအထိ သတ်ဖြတ်ခဲ့တာလို့ ဗျိုင်းဖြူရွာခံတဦးက မဇ္စျိမကို ပြောထားပါတယ်။ လင့် – t.ly/jmT-c

စစ်ကောင်စီက ဗျိုင်းဖြူရွာထဲကို ဝင်လာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးနောက် ကျန်တဲ့ ရွာသူရွာသားတွေကို စစ်တွေမြို့ ဝင်္ကဘာကွင်းကို ပို့ဆောင်ခဲ့ပါတယ်။ အဲ့ဒီမှာ အသတ်ခံလိုက်ရတဲ့မိသားစုဝင် အမျိုးသမီးတယောက် ငိုကျွေးနေတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒါကို ရခိုင်ဒေသတွင်း မီဒီယာဖြစ်တဲ့ Development Media Group က သတင်းဖော်ပြထားပါတယ်။ လင့် – t.ly/L6_mH

Development Media Group ကနေပဲ ဗျိုင်းဖြူရွာ အဖြစ်အပျက်ကနေ လွတ်မြောက်ခဲ့တဲ့ အမျိုးသမီးတယောက်နဲ့ မေးမြန်းထားတာကို ဖော်ပြထားပါတယ်။ အဲ့ဒီမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပြင် အမျိုးသမီး သုံးယောက်ကိုပါ စစ်ကောင်စီက အဓ္ဓမပြုကျင့်ခဲ့တဲ့အကြောင်းကိုလည်း ပြောဆိုထားပါတယ်။ လင့် – t.ly/qUnn3

ရခိုင်အခြေစိုက် နိရဉ္စရာ သတင်းဌာနမှာလည်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဗျိုင်းဖြူ ရွာသားတွေကို စစ်ဆေးတဲ့နေရာမှာ ခန္ဓာကိုယ်မှာ AA၊ ရခိုင် စတဲ့ တက်တူးတွေ့တာနဲ့ ချက်ချင်း သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ထွက်ပြေးလာသူတယောက်က ပြောတဲ့အကြောင်း သတင်းဖော်ပြထားပါတယ်။ လင့် – t.ly/Yv-fI

ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့အပြင် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေမှာလည်း အသီးသီး ဖော်ပြထားကြပါတယ်။ လင့် – t.ly/XgryE , t.ly/ux2jP

ဒါ့အပြင် စစ်ကောင်စီတပ်က ဗျိုင်းဖြူရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မကျူးလွန်ခဲ့ဘူးဆိုတဲ့ ငြင်းဆိုချက်က အမှန်မဟုတ်ဘူးလို့ VOA သတင်းဌာနက ဖော်ပြထားပါသေးတယ်။ လင့် https://burmese.voanews.com/a/7643492.html

ဒါကြောင့် စစ်တွေမြို့နယ် ၊ ဗျိုင်းဖြူကျေးရွာမှာ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီဘက်က ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်းရဲ့ ငြင်းဆိုချက်ဟာ စစ်ကောင်စီ ထိန်းချုပ်မီဒီယာတွေကနေ တဆင့် လိမ်လည်နေတာပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။