လားရှိုးတွင် တိုက်ပွဲပြင်းထန်၊ အရပ်သား ၇ ဦးသေဆုံး

ရွှေနွယ်၊ ဂျူချန်း

မဇ္ဈိမ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ (ဇူလိုင် ၃ ရက်) နံနက်ပိုင်း၌ မြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲစတင်ပြင်းထန်ခဲ့ပြီး အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိသဖြင့် ဒေသခံပြည်သူ ခုနစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

လားရှိုးမြို့ ရပ်ကွက် (၁) သာယာလမ်းရှိ နေအိမ်တလုံးပေါ်သို့ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် နေအိမ်အတွင်းရှိ မိသားစုဝင် ခြောက်ဦး သေဆုံးကြောင်း လားရှိုးဒေသခံတဦးကပြောသည်။

“လားရှိုးဗျူဟာ၊ မိုင်းမောလမ်း၊ အဆောင်ဟိုဘက်လမ်း၊ သာယာလမ်းက အဆောင်မှူးအိမ်နားက တအိမ်ကျော်အိမ် ရှော့တိုက်ဒုံးကျ။ တအိမ်လုံးအကုန်သေသွား” ဟု လားရှိုးမြို့ခံတဦးမှ ယနေ့ နံနက်ပိုင်းတွင် မဇ္ဈိမကိုပြောသည်။

အဆိုပါ ဖြစ်စဉ်အတွင်း သေဆုံးသူ ခြောက်ဦး၏ အချက်အလက်များကို သိရှိနိုင်ရန် မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် အရပ်သား ခြောက်ဦးသေဆုံးရသည်ဟု တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ယနေ့ နံနက် ၁၁ နာရီ ၅၀ ခန့်တွင် သတင်းထုတ်ပြန်သည်။

တအောင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှလည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်တပ်များကြားဖြစ်ပွားနေသည့် လားရှိုးတိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ခြောက်ဦးသေဆုံးကြောင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ တစုံတရာထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပေ။

ထို့ပြင် လားရှိုးမြို့အရှေ့တောင်ဘက်ရှိ နမ့်ပေါင်ကျေးရွာ၌လည်း ယမန်နေ့(ဇူလိုင် ၂ ရက်) ည ၁၁ နာရီခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယနေ့ နံနက် ၈ နာရီခန့်တွင် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နမ့်ပေါင်ဒေသခံ အမျိုးသမီးတဦးသေဆုံးကာ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

“အခုထိ နှစ်ဖက်ပစ်နေကြတုန်းပဲ။ အိမ်ထဲကလည်းမထွက်ရဲဘူး။ သေဆုံးမှုရှိတာဟုတ်တယ်။ ကျလည်းကျနေတာပဲ မထွက်ရဲဘူး။ ဘယ်ဘက်က လက်နက်ကျတယ်ဆိုတာ ကျွန်တော်မပြောတတ်သေးဘူး” ဟု နမ့်ပေါင်ဒေသခံတဦးမှ ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ရှိ မိုင်းတင်းရွာ၊ နမ့်ပေါင်ရွာနှင့် မြို့ရှောင်လမ်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဟု လားရှိုးဒေသခံတို့ထံမှ သိရသည်။

” တိုက်ပွဲက မြို့ထဲမှာဖြစ်တာတော့မဟုတ်သေးဘူး။ ပတ်ပတ်လည်မှာဖြစ်နေတာပါ။ မြို့ကို ဝိုင်းပြီးဖြစ်နေသလိုမျိုးပေါ့။ အဲ့ဒီပစ်နေတဲ့ လက်နက်ကြီးတွေက တော်တော်ကို ပြင်းထန်ပါတယ်။ အရမ်းပြင်းပြင်းထန်ထန်သိနေရတယ် တအုန်းအုန်းနဲ့လေ” ဟု လားရှိုးမြို့ပေါ်ဒေသခံအမျိုးသမီးတဦးကလည်း ပြောသည်။

လားရှိုးဒေသခံတို့၏ ပြောဆိုချက်များအရ လားရှိုးတွင်ဖြစ်ပွားနေသည့်တိုက်ပွဲမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားနေခြင်းဟုသိရသည်။

တိုက်ပွဲအခြေအနေများကို သိရှိမေးမြန်းနိုင်ရန် မဇ္ဈိမမှ MNDAA ပြောခွင့်ရသူ လီကျားဝင်းထံ ဆက်သွယ်နေဆဲဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အဖြစ် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

လားရှိုးမြို့တွင် တကျော့ပြန် စစ်ဆင်ရေး၏ ရှစ်ရက်မြောက်နေ့တွင် တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။ လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့တို့နှင့် မန္တလေးတိုင်း မိုးမိတ်၊ မတ္တရာ၊ မန္တလေး−မြစ်ကြီးနားလမ်း၊ မန္ထလေး−မိုးကုတ်လမ်းတို့တွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေဆဲ ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)