သိမ်ဇရပ်တွင် အမြောက်တပ်မှ တပ်ကြပ်နှင့်အဖွဲ့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

YT

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် တပ်အပြင်ထွက်လာသည့် အ‌မြောက်တပ် အမတ(၃၁၀)မှ တပ်ကြပ်ကြီးနှင့်အဖွဲ့ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သားနှစ်ဦးနှင့် အရပ်သားတဦး သေဆုံးကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တပ်အပြင်သို့ ထွက်လာသည့် အမတ (၃၁၀) မှ တပ်ကြပ် တင်မောင်အေး၊ တပ်သားနှစ်ဦးနှင့် အရပ်သားတဦးတို့ လိုက်ပါစီးနင်းလာသည့် Honda Fit အိမ်စီးကားအား သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွာလေးလမ်းထိပ် အရောက်တွင် တပ်မဟာ(၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ၄၀ မမ လက်နက်ကြီးနှင့် သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“သတင်းရထားလို့ ဒီဘက်က ကြိုစောင့်ပြီး သွားလုပ်တာပါ။ တင်မောင်အေးကတော့ လွတ်သွားတယ်။ ကျန်တဲ့ သုံးယောက်လုံးသေတယ်၊ စစ်သားနှစ်ယောက်နဲ့ အာကာဆိုတဲ့ စစ်တပ်အင်ဖော်မာ (သတင်း ပေး)တယောက်။ စစ်သားတွေကတော့ နေရာမှာတင်သေတာ။ အာကာကတော့ ပဲခူးရောက်မှသေတာ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါပစ်ခတ်မှုအတွင်း ကားပေါ်၌ပါလာသည့် တပ်ကြပ်နှင့် စစ်သားများက ပြန်လည်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်ကြပ်တင်မောင်အေးမှာ ထွက်ပြေးလွတ်မြောက်သွားကာ စစ်ကောင်စီတပ်သားနှစ်ဦး နေရာ၌ပင်သေဆုံးခဲ့ပြီး ကျန်အရပ်သားတဦးမှာ ရင်ဘက်တွင် ကျည်ထိမှန် ဒဏ်ရာဖြင့် ပဲခူးဆေးရုံသို့ပို့ဆောင်စဉ် ဆေးရုံအရောက်၌ သေဆုံးသွားခဲ့ကြောင်း တော်လှန်ရေး သတင်း ရင်းမြစ်ထံက သိရသည်။

တော်လှန်ရေးသတင်းရင်းမြစ်၏ ပြောကြားချက်အရ သေဆုံးသွားသည့် အရပ်သားဆိုသူမှာ စစ်ကောင်စီ တပ်ကြပ်တင်မောင်အေး၏တပည့်ဖြစ်ပြီး စစ်ကောင်စီသတင်းပေးအဖြစ်လုပ်ကိုင်နေသည့် အာကာ ဆိုသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုအပြီး ဒီဇင်ဘာလ ၂၃ ရက် ညနေပိုင်းနှင့် ညပိုင်းတို့တွင် သိမ်ဇရပ်မြို့အခြေစိုက် ခြေမြန် တပ်ရင်း ခမရ(၂၀၇)နှင့် အမတ(၃၁၀)တို့မှ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအုပ်စုရှိရာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ပစ်ခတ်မှုဖြစ်ပြီး ညနေပိုင်းကျတော့ (၂၀၇)ထဲကနေရော အမြောက်တပ်ကနေပါ လက်နက်ကြီးပစ်သံ တွေ ကြားရတယ်” ဟု သိမ်ဇရပ်မြို့ခံ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်စခန်းများ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်ကောင်စီတပ်သားများနှင့် ရဲများသည် တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်ခြင်းကို မကြာခဏ ခံရလေ့ရှိပြီး ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ