စစ်တွေကမ်းခြေမှ စားသောက်ဆိုင် ၁၆ ဆိုင် ကြိုတင်သတိပေးခြင်းမရှိဘဲ အင်အားသုံးဖြိုဖျက်ခံရ

စစ်တွေကမ်းခြေမှ စားသောက်ဆိုင် ၁၆ ဆိုင် ကြိုတင်သတိပေးခြင်းမရှိဘဲ အင်အားသုံးဖြိုဖျက်ခံရ

စစ်တွေဟိုတယ်ကမ်းခြေရှိ စားသောက်ဆိုင်များကို ယနေ့ နံနက်ပိုင်းက အင်အားသုံးဖြိုဖျက်နေကြစဉ်။ (ပုံ – လူမှုကွန်ရက်)

ရောင်နီ (မဇ္စျိမ)။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကမ်းခြေတွင်ရှိသည့် စားသောက်ဆိုင် ၁၆ ဆိုင်ကို စစ်ကောင်စီက ကြို တင်သတိပေးခြင်းမရှိဘဲ အင်အားသုံးဖြိုဖျက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက မဇ္စျိမကို ပြော သည်။

စစ်တွေဟိုတယ်အနီး ပင်လယ်ကမ်းခြေရှိ စားသောက်ဆိုင်များကို လမ်းဧရိယာနှင့်မလွတ်ကင်းသည့် အတွက်ဖယ်ရှားပေးရန်ဟုဆိုကာ ပြီးခဲ့သည့်သြဂုတ်လက အကြောင်းကြားစာပေးပို့ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အင်အားသုံးပြီး လာရောက်ဖြိုဖျက်ခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့ မနက် ၃ နာရီကျော် ၄ နာရီလောက်မှာ ရောက်ချလာတယ်။ ၅ နာရီလောက်မှာ စဖျက်တယ်။ မနက် အစောကြီးဖျက်တာ။ အင်အားက စစ်တပ်၊ ရဲ၊ စည်ပင်တွေနဲ့ဆို ၁၀၀ လောက်ရှိမယ်၊ စက်တွေလည်းပါ တယ်။ ရုတ်တရက်အဖျက်ခံရတာဆိုတော့ တချို့ဆို ပစ္စည်းတွေတောင် သေချာမသိမ်းလိုက်နိုင်ဘူး” ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

စားသောက်ဆိုင်များဖြိုဖျက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့များက အနီးတဝိုက်ကို လုံခြုံရေးတင်းကျပ်ကာ ဆိုင်ခန်းပိုင်ရှင်များ၏ လက်ကိုင်ဖုန်းနှင့် မှတ်ပုံတင်များအား သိမ်းယူထားခဲ့ကြောင်း သိရသည်။
ဖြိုဖျက်ခံရသော စားသောက်ဆိုင်များသည် ယမန်နေ့ အောက်တိုဘာလ ၄ ရက် ညပိုင်းအထိလုပ်ငန်း လည်ပတ်နေဆဲဖြစ်ပြီး ရုတ်တရက်လာရောက်ဖြိုဖျက်သွားခြင်းဖြစ်ကြောင်း စစ်တွေဒေသခံတဦးက ပြော သည်။

“ လွန်ခဲ့တဲ့ နှစ်လလောက်က အဲဒီဆိုင်ခန်းတွေ ဖျက်မယ်ဆိုပြီး အသံထွက်တယ်။ နောက်တော့ ပြန်တိတ် သွားတယ်။ မနေ့က ဘီယာသွားသောက်တာ ည ၁၀ နာရီလောက်အထိ ဆိုင်တွေက ဒီအတိုင်းဖွင့်ထား တာပဲ။ ဖျက်မယ်မှန်းမသိလို့ ဖွင့်ထားကြတယ်လို့ ယူဆရတယ်။ မဟုတ်ရင် ပစ္စည်းတွေဘာတွေ သိမ်း ထားကြမှာပေါ့။ အခုအနေအထားက ဘာမှမသိပဲ အဖျက်ခံလိုက်ရတာမျိုးပါ။ မနက်ကသွားကြည့်တာ ဘာမှ မရှိတော့ဘူး ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဖြိုဖျက်ခံရသည့် စားသောက်ဆိုင်များမှ မိသားစုများကို စစ်ကောင်စီတပ်က ပြင်ပသို့သွားလာခွင့် ပိတ်ပင်ထားကြောင်းလည်း ဆက်ပြောသည်။

ဖြိုဖျက်ခံရသည့် စားသောက်ဆိုင်များတွင် ဆိုင်ခန်းငယ်များသာမက ခြံဝင်းနှင့် တည်ဆောက်ထားသည့် စားသောက်ဆိုင်ကြီးများ၊ Liquor စတိုးဆိုင်ကြီးများလည်းပါဝင်ကြောင်း ဒေသခံများက ဆိုသည်။

စစ်တွေမြို့နယ်စည်ပင်က လမ်းဧရိယာနှင့်မလွတ်ကင်းသည့် စားသောက်ဆိုင်များကို ဖယ်ရှားပေးရန် အကြောင်းကြားစာပေးပို့ခဲ့စဥ်က မြေနေရာအစားထိုးပေးရန်တောင်းဆိုခဲ့ကြသော်လည်း လျစ်လျူရှုကာ ယနေ့နံနက်တွင် အင်အားသုံးကာ ဝင်ရောက်ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း စားသာက်ဆိုင်ပိုင်ရှင်များက ပြောသည်။

ဖြိုဖျက်ခံခဲ့ရသည့် စားသောက်ဆိုင်ပိုင်ရှင်များက စစ်ကောင်စီလက်အောက်ခံ ပြည်နယ်၀န်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန်တောင်းဆိုသွားမည်ဖြစ်ပြီး တွေ့ဆုံခွင့်မပေးပါက ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အင်အားသုံးဖြိုဖျက်ခံရသည့် စားသောက်ဆိုင်များသည် ၂၀၁၃ ခုနှစ်က ရခိုင်ပြည်နယ်အစိုးမှ တရားဝင် ခွင့်ပြုချက်ပေးကာ နေရာချထားခဲ့ခြင်းဖြစ်ကြောင်း ပိုင်ရှင်များက ပြောဆိုကြသည်။

စာတည်း။ ။စောဖေ