ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပစင်္ကြံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပစင်္ကြံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်

အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပစင်္ကြံ (IMEC) သည် စီးပွားရေးစင်္ကြံထက် ကျော်လွန်သော မဟာဗျူဟာမြောက် ပဏာမခြေလှမ်းဖြစ်သည်။ အိန္ဒိယ၏ စွမ်းအင်လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင် ထောက်ပံ့ရေးကွင်းဆက်များ ခံနိုင်ရည်ရှိရေး၊ စီးပွားရေး သာယာဝပြောရေးနှင့် အမျိုးသားလုံခြုံရေးတို့ကို မြှင့်တင်ပေးခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံရေးတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍဖြင့် ပါဝင်လာပြီး အိန္ဒိယ၏ ပထဝီဝင်နိုင်ငံရေး သြဇာကို အားကောင်း စေမည် ဖြစ်သည်။

IMEC သည် အိန္ဒိယ၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသော ရည်မှန်းချက် ပန်းတိုင်များနှင့် လိုက်လျောညီထွေဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် တာဝန်ယူမှုရှိသော နိုင်ငံ တစ်ခု အဖြစ် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကို အားဖြည့်ပေးသည်။ IMEC မှတဆင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးသည် အားလုံးပါဝင်နိုင်မှု၊ ဖွံ့ဖြိုးမှုကွာဟချက်များကို လျှော့ချရန်နှင့် အိန္ဒိယကုမ္ပဏီများ အတွက် ပြည်ပစီမံကိန်းများတွင် ပါဝင်ရန် တံခါးဖွင့်ပေးမည်ဖြစ်ပြီး အိန္ဒိယ၏ သြဇာလွှမ်းမိုးမှုနှင့် စီးပွားရေး နယ်ပယ်ကျယ်ပြန့်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်မှီခိုမှုကို မြှင့်တင်ခြင်းဖြင့် IMEC သည် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမည့် အလားအလာများကို ကိုင်စွဲထားသည်။

IMEC သည် စီးပွားရေး ပေါင်းစည်းမှုကို မြှင့်တင်ရန် အာရှနှင့် ဥရောပသို့ ချိတ်ဆက်ပေးသည့် အိန္ဒိယ ၏ လမ်းကြောင်းသစ် ဖြစ်သည်။ အဆိုပါ စီးပွားရေးစင်္ကြံစီမံကိန်းသည် အိန္ဒိယ၏ G20 ခေါင်းဆောင်မှုများအတွက် အထင်ကရ အောင်မြင်မှုများထဲမှ တစ်ခုဖြစ်သည်။ အီတလီသည် တရုတ် ဦးဆောင်သော ခါးပတ်လမ်း စီမံကိန်း (Belt and Road Initiative) မှ နုတ်ထွက်ရန် စိတ်အားထက်သန်နေပြီး G7 ပါဝါ ကွဲနေသည့်အချိန်တွင် IMEC စီမံကိန်း ထွက်ပေါ်လာခြင်းဖြစ်သည်။ IMEC စင်္ကြံသည် အိန္ဒိယကို အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပ တို့နှင့် ဆက်သွယ်ပေးသည့် နိုင်ငံစုံ ပါဝင်သော ရထားလမ်းနှင့် သင်္ဘောစီမံကိန်းတစ်ခုဖြစ်သည်။

IMEC ဆိုင်ရာ နားလည်မှုစာချွန်လွှာကို အိန္ဒိယ၊ အမေရိကန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဥရောပသမဂ္ဂ၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမနီတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းသည် သီးခြားစင်္ကြံ ၂ ခုဖြင့် ဖွဲ့စည်းထားသည်။ အရှေ့စင်္ကြံလမ်းသည် အနောက်ဘက်ကမ်းရိုးတန်းရှိ မန်ဒြာ ဆိပ်ကမ်းကို ဖူဂျာရတ် နှင့် ချိတ်ဆက်မည်ဖြစ်ပြီး ဆော်ဒီအာရေဗျနှင့် ဂျော်ဒန်မှတစ်ဆင့် ကုန်ပစ္စည်းများကို အစ္စရေး ဟိုင်ဖာဆိပ်ကမ်းသို့ ပို့ဆောင်ရန် ရထားကို အသုံးပြုမည်ဖြစ်သည်။ အနောက်စင်္ကြံသည် ဟိုင်ဖာမှ ပြင်သစ်ရှိ မာဆယ်လီ၊ အီတလီ နှင့် ဂရိရှိ အခြားဆိပ်ကမ်းများအပါအဝင် ဥရောပရှိ မတူညီသော ဆိပ်ကမ်းများသို့ ဆက်သွယ်မည်ဖြစ်သည်။

အိန္ဒိယ မီးရထား ဆောက်လုပ်ရေး နိုင်ငံတကာ ကုမ္ပဏီလီမိတက် (IRCON)၊ Indian Railway Finance Corporation Ltd (IRFC) နှင့် Rail Vikas Nigam Ltd (RVNL) ကဲ့သို့သော ရထားကုမ္ပဏီများသို့ ဘီလျံချီ တန်ဖိုးရှိသော လုပ်ငန်းစာချုပ်များ ရောက်ရှိလာမည်ဟု မျှော်မှန်းထားပြီး ရထားကုမ္ပဏီများအား အရှိန်အဟုန်ဖြင့် ပံ့ပိုးပေးနေသည်။ IRCON International သည် အီသီယိုးပီးယားနှင့် မိုဇမ်ဘစ်၌ MRTS (Mass Rapid Transit System) အမြန်လမ်း တည်ဆောက်ရာတွင် အထူးပါဝင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သည်။ IRFC သည် မီးရထားလမ်းများနှင့် အဆိုပါလုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးနေသော ကုမ္ပဏီ ဖြစ်ပြီး RVNL သည် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများကို စီမံခန့်ခွဲသော ကုမ္ပဏီ ဖြစ်သည်။

အဆိုပါစင်္ကြံသည် စီးပွားရေးမိတ်ဖက်များ နှင့် အပြန်အလှန်ယုံကြည်မှုကို သိသာထင်ရှားစွာ တိုးမြင့်လာစေပြီး စင်္ကြံတစ်လျှောက် ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ပေးမည်ဖြစ်သည်။ စင်္ကြံတစ်လျှောက် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစေပြီး ဒေသတွင်း ချိတ်ဆက်မှုကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်သည်။

တိုးတက်လာသော အခြေခံအဆောက်အအုံများမှ တစ်ဆင့် စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ပေး၍ နိုင်ငံများကို ပေါင်းစည်းလာစေရန်နှင့် မကြာသေးမီက သမိုင်းတွင်ရှိခဲ့သည့် “စိန်ခေါ်မှုများ၊ ပဋိပက္ခ များ နှင့် အကျပ်အတည်း ပြသနာများ၏ အကြောင်းရင်း” ကို ချန်ထား၍ ဒေသတွင်း စီးပွားရေး လုပ်ဆောင်မှုများ ဆိုင်ရာ အချက်အချာနေရာ တစ်ခု အဖြစ် ထူထောင်နိုင်မည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်သည် ဒေသတွင်းရှိ ဝင်ငွေနည်းသော၊ အလယ်အလတ်ရှိသော နိုင်ငံများကို အကူအညီပေးမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာစေရန် ထောက်ပံ့ပေးမည် ဖြစ်သည်။

၎င်းသည် နယ်စပ်ဖြတ်ကျော် ကုန်စည်နှင့် ဝန်ဆောင်မှုများ သယ်ယူပို့ဆောင်ရေးအတွက် ယုံကြည် စိတ်ချရပြီး စရိတ်သက်သာသော သင်္ဘောမှ မီးရထား သယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်မည် ဖြစ်သည်။ အိန္ဒိယ၊ ယူအေအီး၊ ဆော်ဒီအာရေးဗီးယား၊ ဂျော်ဒန်၊ အစ္စရေးနှင့် ဥရောပတို့ကြား ချောမွေ့ သော သယ်ယူပို့ဆောင်ရေးကို ခွင့်ပြုပေးမည့် စူးအက်တူးမြောင်း၊ တောင်မြောက် သယ်ယူ ပို့ဆောင်ရေးစင်္ကြံနှင့် တရုတ်ပိုးလမ်းကြောင်းများကဲ့သို့ လက်ရှိရေကြောင်းနှင့် ရထားလမ်း သယ်ယူပို့ဆောင်ရေးလိုင်းများကို အားဖြည့်ပေးမည်။

IMEC သည် အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့နှင့် ချိတ်ဆက်ခြင်းဖြင့် အိန္ဒိယ၏ ပထဝီဝင်နိုင်ငံရေး သြဇာကို အားကောင်းစေပြီး ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံရေးတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။ ထို့အပြင် ၎င်းသည် အိန္ဒိယ၏ အရေးကြီးသော သဘာဝအရင်းအမြစ်များ စီးဆင်းမှုကို လွယ်ကူချောမွေ့စေခြင်းဖြင့် အိန္ဒိယ၏ စွမ်းအင်လုံခြုံရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
အိန္ဒိယ-အရှေ့အလယ်ပိုင်းစင်္ကြံ (IMEC) သည် အကြောင်းအမျိုးမျိုးကြောင့် တရုတ်၏ ကျယ်ပြန့်သော ခါးပတ်လမ်း စီမံကိန်း (Belt and Road Initiative (BRI) ၏ တိုက်ရိုက်ပြိုင်ဘက်အဖြစ် ပေါ်ထွက် လာနိုင်ချေရှိသည်။ IMEC ၏ မဟာဗျူဟာမြောက်တည်နေရာသည် အိန္ဒိယ၊ အရှေ့အလယ်ပိုင်း နှင့် ဥရောပတို့ကို ကုန်သွယ်မှုအတွက် ရည်ရွယ် ဆက်သွယ်ထားပြီး အထူးသဖြင့် ရှည်လျား၍ ပိုမိုရှုပ်ထွေးသော BRI လမ်းကြောင်းအချို့နှင့် နှိုင်းယှဉ် ကြည့်လျှင် ပိုမိုထိရောက်ပြီး ကုန်ကျစရိတ် သက်သာသည်။
IMEC သည် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များ ကို လျှော့ချခြင်း၊ စီးပွားရေး စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးခြင်းနှင့် အလုပ်အကိုင်များ ဖန်တီးပေးခြင်းအပေါ် အလေးပေးဆောင်ရွက်ခြင်းသည် ချောမွေ့သော ကုန်သွယ်မှုလမ်းကြောင်းများ ရှာဖွေနေသော စီးပွားရေးလုပ်ငန်းများအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်စေသည်။ အဆိုပါ စွမ်းဆောင်ရည်သည် BRI စီမံကိန်းများမှ ကုန်သွယ်မှုလမ်းကြောင်းအချို့ နှင့် ကွဲလွဲမှုရှိသည်။

ထို့အပြင် IMEC ၏ ကတိကဝတ်သည် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့မှု ပန်းတိုင်များနှင့် ကိုက်ညီပြီး အစိမ်းရောင် ဟိုက်ဒရိုဂျင်နှင့် အမိုးနီးယား ထိန်းညှိရေးအတွက် အချက်အချာကျသော လုပ်ငန်းစဉ်များ အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ကို ရှာဖွေနေသည့် နိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းစုများကို ဆွဲဆောင်နိုင်သည်။ BRI နှင့် “ကြွေးမြီ ထောင်ချောက်” ကိစ္စရပ်များ အပေါ် စိုးရိမ်မှုများ ကြီးထွားလာသည်နှင့်အမျှ IMEC ကဲ့သို့သော အစားထိုးစင်္ကြံ တစ်ခု ရှိခြင်းသည် တစ်ခုတည်းသော အခြေခံ အဆောက်အအုံ ကွန်ရက်အပေါ် မှီခိုမှုကို လျှော့ချလိုသည့် နိုင်ငံများအတွက် ကွဲပြားသော ရွေးချယ်မှုများကို ပေးစွမ်းနိုင်သည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများအတွက် IMEC နှင့် BRI အကြား ခိုင်မာသော ပြိုင်ဆိုင်မှုသည် ယင်းအခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ပါ၀င်နေသည့် နိုင်ငံများအတွက် ပိုမို အားသာသော စည်းကမ်း သတ်မှတ်ချက်များနှင့် အခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်။

အချုပ်အားဖြင့်ဆိုရလျှင် IMEC သည် အိန္ဒိယအတွက် မဟာဗျူဟာမြောက် စီမံကိန်း တစ်ခု ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု၊ ပထဝီဝင်နိုင်ငံရေးလွှမ်းမိုးမှု များ အပြင် ကမ္ဘာ့တိုက်ကြီးများကြားရှိ ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု တစ်ခုမျှမက ကိုယ်စားပြုသည်။ ကမ္ဘာ့နိုင်ငံများအချင်းချင်း ပိုမိုချိတ်ဆက်၍ သာယာဝပြောပြီး ငြိမ်းချမ်းသော ကမ္ဘာတစ်ခုအတွက် အိန္ဒိယ၏ ကြီးမားသော မျှော်မှန်းချက်ကို ကိုယ်စားပြုသည်။

IMEC ၏ မဟာဗျူဟာမြောက် အရေးပါမှုသည် ပထဝီနိုင်ငံရေးအရ သြဇာလွှမ်းမိုးမှု၊ စွမ်းအင်လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားနှင့် ဒေသဆိုင်ရာ တည်ငြိမ်မှုအတွက် အုတ်မြစ် ချပေးသော ကြောင့် စီးပွားရေးပေါင်းစည်းမှုထက် ပိုမိုသည်။ IMEC စီမံကိန်းမှတစ်ဆင့် အိန္ဒိယသည် စင်္ကြံ တည်ဆောက်ရုံ သာမက ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆီသို့ လမ်းကြောင်းသစ်များ ဖန်တီးပေးခြင်း၊ မတူ ကွဲပြားမှုများကို ပေါင်းကူးပေးခြင်း နှင့် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲခြင်းပင်ဖြစ်သည်။ ယင်း သမိုင်းဝင်ကြိုးပမ်းမှု ပေါ်ပေါက်လာသည်နှင့် အမျှ အဆိုပါ လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများ၏ ကံကြမ္မာကို ပြန်လည်ပုံဖော်ရန်၊ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ရန်နှင့် ပိုမိုတောက်ပသော၊ အပြန်အလှန်ချိတ်ဆက်နေသော အနာဂတ်ခရီးလမ်းဆီသို့ လျှောက်လမ်းရန် ကတိပြုထားကြသည်။

India-Middle East-Europe Corridor: New pathway to global cooperation