နေရေးအခက်အခဲရှိသည့် မဲဆောက်ရောက်မြန်မာစစ်ရှောင်များအတွက် ယာယီစစ်ရှောင်စခန်း ၄ခု ဖွင့်ရန် ထိုင်းပြင်ဆင်

မဲဆောက်ဘက်ခြမ်းသို့ ရောက်ရှိနေတဲ့ မြန်မာ စစ်ရှောင်များအား မဲဆောက်မြို့တော်ဝန်က တွေ့ဆုံမေးမြန်းနေစဥ်။

ကိုရွှေမြိတ်

မဇ္ဈိမ ။ ။ကရင်ပြည်နယ်၊မြ၀တီမြို့မှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာပြီး နေစရာအခက်အခဲရှိသော မြန်မာစစ်ရှောင်များအား ဘုန်းတော်ကြီးကျောင်းအချို့တွင် ယာယီစစ်ရှောင်စခန်းဖွင့်လှစ်နေရာချပေးသွားမည်ဟု မဲဆောက်မြို့တော်ဝန်က ပြောသည်။

မြန်မာစစ်ရှောင်များအား မဲဆောက်ရှိဘုန်းကြီးကျောင်းလေးကျောင်းတွင် နေရာချထားပေးသွားမည်ဟု မြို့တော်ဝန်စန်ယာဖေ့စေ့က ယမန်နေ့ ဧပြီ ၁၁ ရက် နေ့လယ်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၊အမှတ် (၁) ချစ်ကြည်ရေး တံတားသို့ ရောက်ရှိလာစဉ် သတင်းမီဒီယာများအား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မြို့တော်ဝန်ကတော့ အခက်အခဲရှိတဲ့ သူတွေကို နေရာချပေးသွားမယ်ဆိုပြီး ပြောတာတော့ ရှိတယ်။ တကယ်ပဲ နေရာချပေးရင်တော့ ကောင်းတာပေါ့”ဟု မဲဆောက်ရောက် မြန်မာစစ်ရှောင်တဦးက ပြော သည်။

မြ၀တီမြို့မှ စစ်ကောင်စီစခန်းများကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်( KNLA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေစဉ် ဒေသခံများသည်ဧပြီလ ၇ ရက်နေ့မှစ၍ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် မဲဆောက်ဘက်ခြမ်းသို့ သွားရောက် ခိုလှုံခဲ့ကြသည်။ ဧပြီလ ၁၀ ရက်က တရက်တည်း လူ‌ ၄,၀၀၀ခန့် မဲဆောက်ဘက်သို့ဝင်ရောက်ခဲ့ကြပြီး ယနေ့( ဧပြီလ ၁၂ရက်)အထိ ဆက်လက်ဝင်ရောက်နေကြသည်။

“ပုံမှန်အားဖြင့်တော့ ငွေကြေးတတ်နိုင်တဲ့သူတွေက မဲဆောက်ဖက်မှာ အိမ်တွေ ကြိုငှားထားတာ ရှိတယ်။ တချို့ကလည်း နီးစပ်ရာ အသိမိတ်ဆွေထံ သွားရောက် နေထိုင်ကြတာရှိပေမယ့် နေရာမရှိတဲ့သူတွေကတော့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်”ဟု မဲဆောက်မြို့သို့ စစ်ရှောင်လာသူ ဦးနိုင်ဦးကပြောသည်။

စစ်ရှောင်များအား ခိုလှုံခွင့်ပေးမည့် ဘုန်းကြီးကျောင်းများမှာ မဲဆောက်မြို့၊သောင်ရင်းမြစ်အနီး ဟွေ့မွမ့်ကျေးရွာရှိအာလန်ဝတီဘုန်းကြီးကျောင်း၊ ထာ့အတ်ကျေးရွာရှိ ထာ့အတ်ဘုန်းကြီးကျောင်း၊ အမှတ်(၁) ထာ့ဆိုင်လွှက်ကျေးရွာရှိဝပ်ထိုင်းဝပ်ထနာလန်ဘုန်းကြီးကျောင်းနှင့် အမှတ် (၂) ထာ့ဆိုင်လွှက်ကျေးရွာရှိထာ့ဆိုင်ထိုလလေ့ဘုန်းကြီးကျောင်းတို့ ဖြစ်သည်။

မြဝတီမြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးလာနိုင်ခြေရှိသူများအပါအဝင် မြန်မာစစ်ရှောင် ၁၀၀,၀၀၀အထိလက်ခံနိုင်ရန် ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပန်ပရီးက ဧပြီလ ၉ ရက်‌နေ့တွင် ပြောကြားထားသည်။ထို့အပြင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် ယ‌နေ့နံနက်တွင် မဲဆောက်မြို့သို့ ရောက်ရှိလာပြီး မြန်မာစစ်ဘေးရှောင်များအားနေရာချထားရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့မှ စစ်စခန်းများ လက်လွတ်ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာနိုင်သည့်အတွက် မြို့ခံပြည်သူများ စစ်ရေးသတိဖြင့်ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) က သတိပေးထားသည်။

စာတည်း – အေးချမ်း