အန်ကောဝပ်ဘုရားကျောင်းသို့ ပထမ ၉ လအတွင်း နိုင်ငံခြားဧည့်သည် ၅၄၀,၀၀၀ နီးပါး လာရောက်

အန်ကောဝပ်ဘုရားကျောင်းသို့ ပထမ ၉ လအတွင်း နိုင်ငံခြားဧည့်သည် ၅၄၀,၀၀၀ နီးပါး လာရောက်

အန်ကောဝပ်ဘုရားကျောင်း (PHOTO: ENVATO)

ကမ္ဘောဒီးယား၏ နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်းသို့ ၂၀၂၃ ၏ ပထမကိုးလအတွင်း နိုင်ငံခြားဧည့်သည် ၅၃၉,၅၆၁ ဦး စံချိန်တင် လာရောက်ပြီး တနှစ်ကထက် ၃၀၂ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းထုတ်ပြန်ချက်တရပ်အရ သိရသည်။

ရှေးဟောင်း အန်ကောဝပ်နေရာမှ အဆိုပါ ကာလအတွင်း လက်မှတ်ရောင်းရ‌ငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉၅ သန်း ဝင်ငွေရရှိရာ တနှစ်ကထက် ၃၆၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း နိုင်ငံပိုင် အန်ကောလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

တရုတ်ရင်းနှီးမြုပ်နှံသော Siem Reap Angkor နိုင်ငံတကာလေဆိပ်အား ယခုနှစ်နှောင်းပိုင်း၌ ဖွင့်လှစ်ချိန်တွင် အန်ကောဝပ်သို့ နိုင်ငံတကာ ခရီးသွားများ လာရောက်မှု အရေအတွက်သည် သိသိသာသာ တိုးလာဦးမည်ကို ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးက ပြောသည်။

အနောက်မြောက်ပိုင်း ဆီအမ်ရတ်ပြည်နယ်တွင် တည်ရှိသည့် စတုရန်း ကီလိုမီတာ ၄၀၁ ရှိသော အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းသို့ ၁၉၉၂ ခုနှစ်တွင် ဝင်ခဲ့ပြီး ကမ္ဘောဒီးယား၌ ခရီးသွားဧည့်သည်များ လာရောက်မှု အများဆုံး နေရာပဲ ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)