ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် မြန်မာတို့ကို တရုတ်က စစ်ဘက်ဆိုင်ရာ ထောက်ပို့ လမ်းကြောင်းများအဖြစ် သတ်မှတ်ထား

ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် မြန်မာတို့ကို တရုတ်က စစ်ဘက်ဆိုင်ရာ ထောက်ပို့ လမ်းကြောင်းများအဖြစ် သတ်မှတ်ထား

တရုတ်သည် ဂျီဘူတီနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ရင်းမ်ရေတပ်အခြေစိုက်စခန်းတို့အပြင် နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ စစ်ရေးလမ်းကြောင်းများကို ချဲ့ထွင်ရန်ကြိုးပမ်းလျက်ရှိကြောင်းနှင့် ၎င်းတို့အား တရုတ်စစ်တပ်၏ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး နေရာများအဖြစ် သတ်မှတ်ထားကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ဆင်ရေးလိုအပ်ချက်များရှိလာလျှင် တရုတ်စစ်တပ် ဝင်ရောက်ခွင့်ရနိုင်မည့် တရုတ်နိုင်ငံပြင်ပရှိ ကာကွယ်ရေးဌာနများအဖြစ် သတ်မှတ်ထားသည့်နေရာများအနက် ၄ ခုမှာ အိန္ဒိယနှင့်ကပ်လျက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် မြန်မာတို့ဖြစ်ပြီး အခြား ၃ နိုင်ငံမှာ အရှေ့တောင်အာရှရှိ ထိုင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှား တို့ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက လွှတ်တော်သို့ တင်ပြသည့် ၂၀၂၃ ခုနှစ်အတွင်း တရုတ်ပါဝင်ပတ်သက်နေသော စစ်ရေးနှင့် လုံခြုံရေး ဖြစ်ပေါ်တိုးတက်မှုများဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကင်ညာ၊ အီကွေတိုရီရယ်ဂီနီ၊ ဆေးရှဲလ်စ်၊ တန်ဇန်းနီးယား၊ အန်ဂိုလာ၊ နိုင်ဂျီးရီးယား၊ နမီးဘီးယား၊ မိုဇမ်ဘစ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါပူဝါနယူးဂီနီ၊ ဆော်လမွန်ကျွန်းများနှင့် တာဂျစ်ကစ္စတန်တို့အပါအဝင် အခြားနိုင်ငံများကို တရုတ်စစ်တပ်အတွက် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းနေရာများအဖြစ် သတ်မှတ်ထားဖွယ်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ယခုလအတွင်း ထုတ်ပြန်ခဲ့သည့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်စစ်တပ်၏ မဟာဗျူဟာထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့(SSF)သည် နမီးဘီးယား၊ ပါကစ္စတန်၊ အာဂျင်တီးနားနှင့် ကင်ညာနိုင်ငံတို့တွင် ခြေရာခံစောင့်ကြည့်ရေး၊ အလိုအလျောက် အချက်အလက်စုဆောင်း ပို့ဆောင်ရေးနှင့် ကွပ်ကဲရေးစခန်းများ တည်ဆောက်လည်ပတ်လျက်ရှိကြောင်း အဆိုပါ အမေရိကန်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်စစ်တပ်အား အလှမ်းဝေးကွာလွန်းသောနေရာများအထိ စစ်ရေးအင်အား ဖော်ဆောင် ထိန်းသိမ်းထားနိုင်စေရန် ၎င်း၏ ပြည်ပထောက်ပံ့ပို့ဆောင်ရေးနှင့်အခြေစိုက်စခန်းများကို တိုးချဲ့ရေး တရုတ်အစိုးရက ဆောင်ရွက်လျက်ရှိကြောင်း ပင်တဂွန်၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး တရုတ်၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်သည် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။

တရုတ်သည် လာဒက်အရှေ့ပိုင်းရှိ ဂေါ်လန်းဒေသတွင် အိန္ဒိယနှင့် တင်းမာမှုများဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ခုနှစ်မှ စတင်၍ နယ်စပ်ထိန်းချုပ်မျဉ်း(LAC)တစ်လျှောက် တပ်ဖွဲ့ဝင်များနှင့် အခြေခံအဆောက်အအုံများ တိုးချဲ့လျက်ရှိကြောင်း ပင်တဂွန်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ တိုးချဲ့တည်ဆောက်မှုများတွင် ဒေါ့ခ်လမ်းအနီးရှိ မြေအောက်သိုလှောင်ရုံများ၊ နယ်စပ်ထိန်းချုပ်မျဉ်း(LAC) အပိုင်း ၃ ခုစလုံးတွင် လမ်းသစ်များ ဖောက်လုပ်ခြင်း၊ ဘူတန်နိုင်ငံရှိ အငြင်းပွားဒေသများတွင် ကျေးရွာသစ်များ တည်ထောင်ခြင်း၊ ပန်ကောင်းရေကန်တွင် ဒုတိယမြောက် တံတားတစ်စင်း တည်ဆောက်ခြင်း၊ စစ်ဘက်/အရပ်ဘက် နှစ်မျိုးသုံး လေယာဉ်ကွင်းနှင့် ရဟတ်ယာဉ်ကွင်းများ တည်ဆောက်ခြင်းတို့ ပါဝင်သည်။

ထို့ပြင် နှစ်နိုင်ငံစလုံးက နယ်စပ်ဒေသရှိ ၎င်းတို့၏ ပိုင်ဆိုင်ခွင့်များကို စွန့်လွှတ်လိုသည့် ဆန္ဒမရှိခြင်းကြောင့် အိန္ဒိယနှင့်တရုတ်တို့ကြား စေ့စပ်ညှိနှိုင်းမှုများတွင် တိုးတက်မှု အနည်းငယ်သာရရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။