တေးသံရှင်လင်းလင်းရိုက်ကူးသည့် “The Way” ရုပ်ရှင် နယူးယောက်တွင်ပြသမှု လူ ၄၀၀ ကျော် ကြည့်ရှု

တေးသံရှင်လင်းလင်းရိုက်ကူးသည့် “The Way” ရုပ်ရှင် နယူးယောက်တွင်ပြသမှု လူ ၄၀၀ ကျော် ကြည့်ရှု

အောက်တိုဘာလ ၇ရက်နေ့က နယူးယောက်မြို့တွင် ပြသသော The Way ရုပ်ရှင် ဇာတ်ကားပြသမှု မြင်ကွင်း
ဓာတ်ပုံ။ ။ Helping Hands for Burma

ကိုခင်မောင် (မဇ္စျိမ)။ ။ တေးသံရှင်လင်းလင်းရိုက်ကူးထားသည့် The Way ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ နယူး ယောက်မြို့တွင်ပြသခဲ့ရာ လက်မှတ်အစောင်ရေ ၄၀၀ ကျော်ရောင်းချနိုင်ခဲ့ကာ မြန်မာပြည်ဖွား တိုင်းရင်း သားညီအကိုမောင်နှမများမှ ရုံပြည့်ရုံလျှံကြည့်ရှု့အားပေးခဲ့ကြောင်း Helping Hands for Burma (H2B) အဖွဲ့ထံမှ သိရသည်။

The Way ရုပ်ရှင်ကို Helping Hands for Burma(H2B)အဖွဲ့မှဦးစီးပြီး နယူးယောက်မြို့ Manhattan ရပ်ကွက်၌ အောက်တိုဘာ ၇ ရက် စနေနေ့က မွန်းလွဲ ၁ နာရီတွင် တကြိမ်၊ ၃ နာရီတွင်တကြိမ် စုစုပေါင်း နှစ်ကြိမ်ခွဲပြသခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္စျိမသို့ ပြောသည်။
“The Way ရုပ်ရှင်ပြပွဲမှာ မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမ ၄၀၀ ကျော် ရုံပြည့်ရုံလျှံ ကြည့် ရှု့အားပေးကြပါတယ်။

လက်မှတ်အစောင်ရေ ၄၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ လက်မှတ်တစောင်ကို ၂၅ ဒေါ်လာပါ။ ဒီပွဲမှာ ဆီချက်ခေါက်ဆွဲ၊ တိုဟူးသုတ်၊ ဖာလူဒါ၊ အာလူးကြော်၊ လက်ဘက်ရည်၊ မုန့်အချို တွေရောင်းပြီး ရန်ပုံငွေရှာခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ရုပ်ရှင်ပြပွဲသို့ သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် The Way မှသရုပ်ဆောင်များဖြစ်သော မြတ်နိုး အေး၊ Russel Htet တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒါရိုက်တာလင်းလင်း၊ သရုပ်ဆောင် ချစ်သုဝေနှင့် The Way ရုပ်ရှင်၌ပါဝင် သရုပ်ဆောင်ထားကြသော ရဲဟိန်း၊ Daniel Saw ၊ Daniel Aung ၊ မြတ်မင်းခန့်တို့မှလည်း zoom မှတဆင့် ပရိတ်သတ်များနှင့် တရင်း တနှီး စကားပြောဆိုခဲ့ကြသည်။

The Way ရုပ်ရှင်၏အမှတ်တရ ပစ္စည်းများဖြစ်သော တီရှပ်၊ အိတ်နှင့် ရုပ်ရှင်သီချင်းပါ USB stick နှင့် key chain များလည်းရောင်းချခဲ့ပြီး အမှတ်တရပစ္စည်းကို လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။
“ရရှိတဲ့ရန်ပုံငွေအားလုံးကို မြန်မာပြည်ရဲ့ လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားပါမယ်။ စာရင်းပြုစုနေဆဲ ဖြစ်ပါတယ်။ ရရှိငွေ အတိအကျကို စာရင်းချပြမှာပါ” ဟု Helping Hands for Burma (H2B) အဖွဲ့ မှ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

The Way ရုပ်ရှင်သည် Festigious နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ဂီတရုပ်ရှင်ဆု၊ ပထမ အကြိမ် ရုပ်ရှင်ဒါရိုက်တာဆု၊ အကောင်းဆုံးသီချင်းဆုများ ရရှိခဲ့သည်။ အဆိုပါရုပ်ရှင်သည် မိုဘိုင်းဖုန်းဖြင့် ဖန်တီးရိုက်ကူးထားခြင်းဖြစ်ပြီး အောင်မြင့်မြတ်၊ ချစ်သုဝေ၊ မြတ်နိုးအေးအပါအဝင် တော်လှန်ပြည်သူများ ဖြင့် ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ