အိန္ဒိယ – မြန်မာနယ်စပ် သွားလာခွင့်ရုပ်သိမ်းမည့်အစီအစဥ်ကို ဆန့်ကျင်ကန့်ကွက်

ယနေ့ဆန္ဒပြပွဲမြင်ကွင်း။ဓါတ်ပုံ – CJ

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာသွားလာခွင့် Free Movemetn Regime (FMR) ရုပ်သိမ်းမည့်အစီအစဥ် ကန့်ကွက်ဆန္ဒပြပွဲကို နှစ်နိုင်ငံ နယ်စပ်တံတား၌ ပြုလုပ်သည်။

ယနေ့(မေလ ၁၆ရက်)တွင် အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးတံတား၌ Zo Reunification (ZORO) အဖွဲ့က အဆိုပါဆန္ဒပြပွဲကို ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

“နှစ်ပေါင်းများစွာ ဒီလိုအသားကျ ကူးလူဆက်ဆံနေတာကြီးကို ရပ်လိုက်မယ်ဆိုရင် ကုန်သွယ်ရေး ၊ကျန်းမာရေးနဲ့ လူမှုရေးတွေမှာ အခက်အခဲဖြစ်ကုန်နိုင်တယ်” ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် မြန်မာနိုင်ငံသားတဦးက မဇ္စျိမကို ပြောသည်။

နှစ်နိုင်ငံနယ်နိမိတ်အတွင်း မျိုးနွယ်တူသူများကွဲပြားနေထိုင်ကြသော်လည်း နေ့စဥ် ပညာရေး ၊ ကျန်းမာရေး ၊ ဘာသာရေး ၊ စီးပွားရေးများတွင် ဆက်ဆံမှုများရှိနေသည်ဟု ဆိုသည်။

၎င်းအပြင် မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များ နေထိုင်ရေး ခက်ခဲလာမည်ကိုလည်း စိုးရိမ်ရကြောင်း မြန်မာနိုင်ငံသားကဆက်ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ZORO အဖွဲ့၊ နိုင်ငံရေးပါတီများဖြစ်သည့် MNF ၊ ZMP နှင့် မီဇိုလူငယ်အသင်းမှ တာဝန်ရှိသူများအပြင် မြန်မာနိုင်ငံ ဟွားငိုးလ်ရမ်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်နယ်အစိုးရဝန်ကြီးချုပ်၏ နိုင်ငံရေးအကြံပေး လွှတ်တော်ကိုယ်စားလှယ်တို့ မှ FMR ဖျက်သိမ်းရေးကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အိန္ဒိယနှင့်မြန်မာနိုင်ငံကို အင်္ဂလိပ်က သိမ်းပိုက်အုပ်စိုးခဲ့ပြီးနောက် နယ်နိမိတ်ပိုင်းခြားရာတွင် နှစ်နိုင်ငံအတွင်းကျရောက်သွားသော လူမျိုးငယ်များ လွတ်လပ်စွာကူးလူးဆက်ဆံနိုင်ရေးအတွက် FMR ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံလုံခြုံရေးအတွက် အကြောင်းပြကာ FMR ကိုရုပ်သိမ်းရန် ကြိုးစားလာခြင်းအပေါ် ဒေသခံများက လက်မခံကန့်ကွက်နေခြင်း ဖြစ်သည်။

Free Movemetn Regime (FMR)သည် နယ်စပ်ဒေသခံများကို နှစ်နိုင်ငံနယ်နိမိတ်အတွင်း ၁၆ ကီလိုမီတာအထိ ဗီဇာ ၊ အထောက်အထားစာရွက်စာတမ်းမပါဘဲ လွတ်လပ်စွာသွားလာခွင့်ပြုထားခြင်း ဖြစ်သည်။

နှစ်နိုင်ငံအကြား လွတ်လပ်စွာသွားလာခွင့် Free Movemetn Regime (FMR) ရုပ်သိမ်းမည့်အစီအစဥ်ကို အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံမှ FMR ရုပ်သိမ်းမည့်အစီအစဥ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ နှင့် NUG တို့ထံမှ တရားဝင်ထုတ်ဖော်ပြောဆိုမှုများ မရှိသေးပေ။

စာတည်း – သန့်ဇော်(သန်လျင်)