ဒီမိုကရေစီနိုင်ငံများအပေါ် တရုတ်၏ နည်းပညာလွှမ်းမိုးမှု အန္တရာယ်

The HK Post

သက္ကရာဇ် ၂၀၂၄ ခုနှစ်သည် ရွေးကောက်ပွဲနှစ်အနေနှင့်ရော ဒီမိုကရေစီနိုင်ငံများ၏ နှစ်အဖြစ်ပါ သမိုင်းတွင်လောက်သည်။ ယခုနှစ် ဇန်နဝါရီလမှစ၍ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်ဝမ်တို့အပါအဝင် အထင်ကရ ဒီမိုကရေစီနိုင်ငံများသည် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပြီး အခြား ဒီမိုကရေစီနိုင်ငံကြီးများဖြစ်ကြသည့် အမေရိကန်၊ အိန္ဒိယ၊ ယူကရိန်း၊ ဗြိတိန်၊ တောင်အာဖရိက နှင့် အာဖရိကနိုင်ငံအများအပြားသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပရန် ရှိနေသည်။

ရွေးကောက်ပွဲများ တိုက်ဆိုင်နေသည့်နည်းတူ ယင်းနိုင်ငံအားလုံးသည် လာမည့်ရွေးကောက်ပွဲ အသီးသီးတွင် တရုတ်၏ ခြယ်လှယ်နှောင့်‌ယှက်သည့် ခြိမ်းခြောက်မှု အန္တရာယ်နှင့်လည်း ရင်ဆိုင်နေကြရသည်။ နည်းပညာကုမ္ပဏီများကို တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ ရှေ့ပြေးအဖြစ် ယူဆကြည့်ပါက တရုတ်ကွန်မြူနစ်ပါတီသည် နည်းပညာကဏ္ဍတွင် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အဆင့်ကို မြှင့်တင်ရန် ရည်မှန်းခဲ့ရုံသာမကာ နိုင်ငံအသီးသီးတွင် လုပ်ကိုင်နေသည့် ယင်းကုမ္ပဏီများကို ၎င်း၏ လက်တံအဖြစ် မဟာဗျူဟာကျကျ နေရာချထားနိုင်ပြီလည်း ဖြစ်သည်။ ကမ္ဘာ့နည်းပညာလောကတွင် တရုတ်၏ လွှမ်းမိုးမှု မြင့်တက်လာခြင်းသည် ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီဘက်တော်သားများအတွက် အန္တရာယ်နှင့် စိန်ခေါ်မှုကြီးများကို ဖြစ်ပေါ်လာစေသည်။ တရုတ်ကုမ္ပဏီများဦးဆောင်သည့် နည်းပညာအပေါ် ဩဇာလွှမ်းမိုးမှု ကြီးထွားလာခြင်းသည် ဒီမိုကရေစီနိုင်ငံအားလုံး အထူးသဖြင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန်ရှိနေသည့် နိုင်ငံများအတွက် ခြိမ်းခြောက်မှုတရပ်အဖြစ် အလေးအနက်ထား စဉ်းစားရမည် ဖြစ်သည်။

ကမ္ဘာတဝှမ်းရှိ ထောက်လှမ်းရေးကဏ္ဍကို စိုးမိုးနိုင်ရန် တရုတ်ကွန်မြူနစ်ပါတီက စေလွှတ်ထားသည့် တရုတ်နည်းပညာကုမ္ပဏီကြီးများ၏ နည်းပညာအရ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုသည် နှေးကွေးသော်လည်း ကမ္ဘာ့စံနှုန်းများအရ တဖြည်းဖြည်း အရှိန်ရလာနေသည်။ အဆိုပါ နည်းပညာကုမ္ပဏီများသည် ကွန်မြူနစ်ပါတီနှင့် အနီးကပ် ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရှိထားကြပြီး ဒီမိုကရေစီနိုင်ငံအသီးသီးတွင် ထောက်လှမ်းရေးနည်ပညာများ ဖန်တီးဖော်ဆောင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အဆိုပါ နိုင်ငံတကာ ကုမ္ပဏီကြီးများသည် တရုတ်၏ မဟာဗျူဟာ အကျိုးစီးပွားအတွက် မျက်နှာမှတ်သားသည့် စနစ်၊ လူမှုရေးစံနှုန်းအမှတ်ပေးစနစ်နှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှုစသည့် ကြားခံနည်းလမ်းမျိုးစုံကိုသုံး၍ ပြည်သူများကို ကြိုးကိုင်ခြယ်လှယ်လျက်ရှိသည်။

ယင်းကဲ့သို့ နည်းပညာများကြောင့် တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ပြီး နောက်တဆင့်အနေဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာ ကြိုက်နှစ်သက်မှုများကို ခြယ်လှယ်ခွင့် ရရှိသွားစေသည်။ ထို့ပြင် ယင်းတရုတ်ကုမ္ပဏီများသည် အသုံးပြုသူများ၏ အကြိုက်များ၊ နိုင်ငံရေးခံယူချက်များနှင့်ပတ်သက်သည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူစုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာရာတွင် ပါဝင်လျက်ရှိသောကြောင့် မဲပေးမှုပုံစံကို လွှမ်းမိုးနိုင်ရန် သတ်မှတ်လူအုပ်စုအလိုက် ရည်ရွယ်၍ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို ဆောင်ရွက်လာနိုင်စေသည်။

ထိုအချက်ကို လေ့လာဆန်းစစ်သူများစွာက ဖော်ထုတ်ထားပြီးလည်းဖြစ်ကာ တရုတ်နည်းပညာကုမ္ပဏီကြီးများသည် အသုံးပြုသူအချက်အလက်များကို အခြေခံ၍ သတင်းအချက်အလက်များကို ခြယ်လှယ်ခြင်း၊ သတင်းတု သတင်းမှားများဖြင့် မဲဆွယ်စည်းရုံခြင်းများ ပြုလုပ်နေကြောင်း စွပ်စွဲထားသည်။ အွန်လိုင်းပလက်ဖောင်းများကို ထိန်းချုပ်ပြီး အကြောင်းအရာများကို ပိတ်ပင်ဖြတ်တောက်မှုများ ပြုလုပ်ခြင်းဖြင့် ပြည်သူများ၏ ထင်မြင်ယူဆချက်များကို လိုသလိုပုံသွင်း၍ ဒီမိုကရေစီအရေး ပြောဆိုမှုများကို ပုံဖျက်ခြင်းအပါအဝင် အစိုးရအတွက် ဝါဒဖြန့်မှုများကို နှစ်ပေါင်းများစွာ ဆောင်ရွက်လျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီက ကျင့်သုံးလျက်ရှိသည့် ထင်ရှားသော နောက်ထပ်ဗျူဟာတရပ်မှာ အရင်းအမြစ်ကြွယ်ဝသည့် အဆိုပါ နည်းပညာကုမ္ပဏီများမှတဆင့် ဩဇာလွှမ်းမိုးမှု ဝယ်ယူခြင်း ဖြစ်သည်။ ငွေကြေးအရင်းအနှီးများစွာ အသုံးပြု၍ အဆိုပါ ကုမ္ပဏီများသည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစရိတ် ထောက်ပံ့ခြင်း၊ နိုင်ငံရေးပါတီများသို့ လှူဒါန်းခြင်းနှင့် မျက်နှာသာရရေး ကြိုးပမ်းမှုများမှတဆင့် ရွေးကောက်ပွဲကို လွှမ်းမိုးထားသည်။ ယင်းကုမ္ပဏီများသည် နိုင်ငံရေးမူဝါဒကို ဆုံးဖြတ်ချက်ချသူများနှင့်လည်း ထိတွေ့ခွင့် ရရှိပြီး တရုတ်ကွန်မြူနစ်ပါတီက လိုလားသည့် မူဝါဒရလဒ်များ ထွက်လာစေရန် လွှမ်းမိုးထားနိုင်သည်။

အနောက်တိုင်း နည်းပညာကုမ္ပဏီများနှင့် မတူသည့်အချက်မှာ တရုတ်နည်းပညာကုမ္ပဏီများသည် အစိုးရထံမှ ငွေကြေးနှင့် အထောက်အပံ့များ ရရှိစေရန် အစိုးရ၏ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် အမြဲတမ်းဆောင်ရွက်နေရသည့်အချက် ဖြစ်သည်။ တရုတ်အစိုးရနှင့် နည်းပညာကုမ္ပဏီများအကြား နှစ်ကိုယ့်တစိတ် ဆောင်ရွက်မှုကြောင့် တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများတွင်ပါ သတင်းအချက်အလက်များကို အထူးသဖြင့် ရွေးကောက်ပွဲကာလများတွင် ခြယ်လှယ်ရန် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်လာနိုင်ခဲ့သည်။

မဲပေးပိုင်ခွင့်ရှိသူများကို လွှမ်းမိုးရန် နည်းပညာကို အသုံးချခြင်းနှင့်ပတ်သက်၍ နိုင်ငံအနည်းငယ်သာ စိုးရိမ်နေရသည်မဟုတ်ဘဲ တရုတ်နှင့်ရင်းနှီးသည့် နိုင်ငံများလည်း စိုးရိမ်နေကြရသည်။ တရုတ်၏ နည်းပညာလွှမ်းမိုးမှုနှင့်ပတ်သက်၍ ပိုမိုစိုးရိမ်ရမည့်အချက်မှာ ထောက်လှမ်းရေးနည်းပညာနှင့် ဒီဂျစ်တယ်ချုပ်ကိုင်မှုစနစ်များ ပြန့်ပွားလာမှုဖြစ်သည်။ တရုတ်နည်းပညာကုမ္ပဏီကြီးများဖြစ်ကြသည့် Huawei၊ ZTE နှင့် Hikvision တို့သည် ကမ္ဘာတလွှားရှိ ဒီမိုကရေစီနိုင်ငံများနှင့် အာဏာရှင်နိုင်ငံများသို့ ထောက်လှမ်းရေးကိရိယာများကို တင်ပို့လျက်ရှိပြီး ကျွမ်းကျင်သူများကိုလည်း စေလွှတ်လျက်ရှိသောကြောင့် အစိုးရများအနေဖြင့် အတိုက်အခံများကို စောင့်ကြည့် နှိပ်ကွပ်မှုများ ပြုလုပ်လာနိုင်စေခဲ့သည်။ ထို့ပြင် အရေးကြီး အခြေခံအဆောက်အအုံများနှင့် နည်းပညာသစ်များတွင် လွှမ်းမိုးမှု ရရှိလာခြင်းသည် ရွေးကောက်ပွဲ သမာသမတ်ရှိမှုကို စနစ်တကျ ထိခိုက်စေမည့် အန္တရာယ်ရှိပြီး နိုင်ငံတနိုင်ငံ၏ ဒီမိုကရေစီ စံတန်ဖိုးများကို ပျက်စီးသွားစေမည် ဖြစ်သည်။ လူမှုမီဒီယာနှင့် အကြောင်းအရာဖြန့်ဝေမှုတို့ကို ထိန်းချုပ်နိုင်ခြင်းအားဖြင့် တရုတ်ဘက်တော်သားများသည် ဆိုက်ဘာတိုက်ခိုက်မှုများ၊ သတင်းတု၊ သတင်းမှား ဖြန့်ဝေမှုများမှတဆင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို အနှောင့်အယှက်ပေးပြီး ဒီမိုကရေစီနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိခိုက်စေရန် ဆောင်ရွက်နိုင်စွမ်း ရှိလာခဲ့သည်။

ထို့ကြောင့် အမေရိကန်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးတွင် လာမည့်ရွေးကောက်ပွဲများနှင့်ပတ်သက်၍ တင်းကျပ်စွာ စောင့်ကြည့်လျက်ရှိသည်။

တရုတ်၏ နည်းပညာလွှမ်းမိုးမှုသည် ကမ္ဘာတဝန်းမှ ရွေးကောက်ပွဲများကို ဘက်ပေါင်းစုံမှ ခြိမ်းခြောက်လျက်ရှိပြီး ဒီမိုကရေစီ စံနှုန်းများကို ထိခိုက်စေကာ တကမ္ဘာလုံးကို အကျိုးသက်ရောက်စေနိုင်သည့် ပထဝီနိုင်ငံရေး တင်းမာမှုများကိုလည်း မြင့်တက်လာစေသည်။ နည်းပညာခေတ်တွင် ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ရန် တရုတ်၏ ဗျူဟာကို တုံ့ပြန်ရာတွင် အသင့်တော်ဆုံးနည်းလမ်းမှာ စုပေါင်းဆောင်ရွက်မှု ဖြစ်သည်။ တရုတ်၏ နည်းပညာလွှမ်းမိုးမှု အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့ပါက ဒီမိုကရေစီ၏ သဘောသဘာဝနှင့် ဒီမိုကရေစီလောက၏ စံတန်ဖိုးအားလုံးကို ထိခိုက်လာစေနိုင်သည့်အပြင် ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံနှင့် ငြိမ်းချမ်းသော နိုင်ငံတကာစည်းမျဉ်း၏ အနာဂတ်ကိုပါ ထိခိုက်လာစေနိုင်သည်။