သုဝဏ္ဏပန်းခြံထောင့်တွင် ဗုံးတွေ့ဟုဆိုကာ စစ်ကောင်စီ ဖောက်ခွဲ၊ ၂နာရီခန့်ကြာ ယာဉ်ကြောပိတ်ဆို့

သုဝဏ္ဏပန်းခြံထောင့်တွင် ဗုံးတွေ့ဟုဆိုကာ စစ်ကောင်စီ ဖောက်ခွဲ၊ ၂နာရီခန့်ကြာ ယာဉ်ကြောပိတ်ဆို့

သု၀ဏ္ဏပန်းခြံအနီးပတ်ဝန်းကျင် ယနေ့ နံနက် အခြေအနေ Photo/ Facebook

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏပန်းခြံထောင့်၊ မက်စ်ဆီဆိုင်ဘေး၌ ဗုံးတွေ့သည်ဟုဆိုကာ စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် လမ်းပိတ်ဆို့ပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗုံးကို ယနေ့အောက်တိုဘာ ၉ ရက် နံနက် ၇နာရီ ဝန်းကျင်ခန့်တွင် တွေ့ရှိခြင်းဟု သတင်းများထွက်ပေါ်ခဲ့ပြီး လမ်းအား ပိတ်ဆို့၍ အတားအဆီးများပြုလုပ်ပြီး ဖောက်ခွဲခဲ့ခြင်းဟု ယင်းအကြောင်းကို သိရှိသူတဦးကပြောသည်။

” ဒီနေ့ စစ်ကောင်စီဘက်ကလမ်းကြောင်းရှိတဲ့ပုံပဲ။ အဲ့ဒါကိုလည်း တဖက်ကကြိုသတင်းရထားတဲ့ပုံ။ ညထဲက ဟိုကောင်(စစ်ကောင်စီတပ်သား)တွေက ကင်းပုန်းချထားတဲ့ပုံစံရှိတယ်။ ခြေချင်းလိမ်နေတာ ပန်းခြံထဲမှာ။ ပြီးတော့ မနက်ရောက်တော့ မနက် ၆ နာရီလောက် ပန်းခြံထဲမှာ သန့်ရှင်းရေးလူတွေ၊ဘာတွေရှိတယ်လေ။ အဲ့လူတွေက သန့်ရှင်းရေးလုပ်နေရင်းနဲ့ မက်စ်ဆီဆိုင်နဲ့ ပန်းခြံကြားထဲလောက်မှာ ဗုံးကိုတွေ့တော့ စစ်ကောင်စီတပ်ကို လှမ်းခေါ်ပြီးတော့ စစ်သားတွေကဗုံးကိုခွဲလိုက်တာ။ အတားအဆီးလုပ်ထားတဲ့ တာယာတွေဘာတွေတောင် လွင့်ထွက်ကုန်တယ်။ အသံကတော့တချက်ပဲ”ဟု ၎င်းကပြောသည်။

ဗုံးဖောက်ခွဲရန် ပြင်ဆင်နေချိန်တွင် သံသုမာလမ်းတလျှောက်နှင့် သာကေတအဝိုင်းဘက်တွင် နံနက် ၇နာရီခန့်မှ နံနက် ၉နာရီခန့်အထိ ယာဉ်ကြောပိတ်ဆို့မှု ၂ နာရီနီးပါးဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဗုံးတွေ့ရှိသည့်သတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များဘက်မှ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ရန်ကုန်မြို့တွင် ယခု အောက်တိုဘာလဆန်းကာလက စစ်ကောင်စီပစ်မှတ်များကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်ခဲ့သည်။ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၏ သားဖြစ်သူနေထိုင်သော ကမာရွတ်မြို့နယ်ရှိနေအိမ်နှင့် မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်ရဲစခန်းကို အောက်တိုဘာလ ၁ရက်က ဗုံးပစ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီ၏ လက်နက်ပွဲစားဆိုသူ ဦးဥာဏ်လွင်အောင်ကိုလည်း အောက်တိုဘာလ ၂ရက်ညတွင် လမ်းမတော်မြို့နယ် တနေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စာတည်း – အေးချမ်း