နေရပ်မပြန်နိုင်သေးသည့် မိုးကုတ်စစ်ဘေးရှောင်များ

နေရပ်မပြန်နိုင်သေးသည့် မိုးကုတ်စစ်ဘေးရှောင်များ

007 (မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။

“တိုက်ပွဲမဖြစ်ဘဲနဲ့လည်း အဲဒီဘက်(ကုန်းစံ ၊ညောင်ကုန်း ၊ ဖြူရောင် စသည့်ကျေးရွာ၀န်းကျင်)ကိုလက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်နေတယ်။ ဒီမနက်အထိ ပစ်နေတုန်းပဲ။ ထွက်ပြေးနေရတဲ့ရွာသားတွေက အခု စားရေးသောက်ရေး အခက်တွေ့နေကြလို့ အိမ်ပြန်ချင်နေကြတယ်။ ရွာထဲလက်နက်ကြီးတွေကျ ကျနေတော့ မပြန်ရဲကြဘူး။အခုအထိ တောထဲမှာပဲ” ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ မိုးကုတ်တဝိုက်ကိုထိန်းချုပ်ရန် TNLA(တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်)ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများ တကျော့ ပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနေ့ညနေပိုင်းက TNLA ပူးပေါင်းတပ်ဖွဲ့ အထိုင်ချထားသော ကုန်းစံကျေးရွာအနီး၀န်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး၀င်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုများရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၁၅ ရက် ညနေ ၄ နာရီခန့်မှစ၍ လေကြောင်းမှဗုံးကြဲခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ မကြာခဏပြုလုပ်နေသည်ဟု သတင်းအရင်းအမြစ်က ဆိုသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့၏ ဗုံးကြဲပစ်ခတ်မှုများကြောင့် ဖြူရောင် ၊ညောင်ကုန်းနှင့် ကုန်းစံကျေးရွာ အနီး၀န်းကျင်ရှိ ဒေသခံ ဦးရေ ၅၀၀ကျော် နေရပ်စွန့်ခွာ ထွက်ပြေးကြရသည်မှာ ယနေ့အထိ တလနီးပါးကြာ မြင့်နေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ယာယီစစ်ဘေးရှောင်လာကြသူတွေပါ၊ ရွာထဲလက်နက်ကြီးကျပြီး လူသေကတည်းက အကုန်ထွက်ပြေးခဲ့ကြတာပါ၊ တော်တော်များများကတော့ နီးစပ်ရာတောထဲပေါ့၊ မြို့ပေါ်ထွက်ပြေးနိုင်သူ အင်မတန်ရှားပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် စစ်ဘေးရှောင်တဦးက ပြောသည်။

မိုးကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းက အသက်ငါးနှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့က ပစ်လိုက်သည့် လက်နက်ကြီးကျည် အိမ်ခေါင်မိုးပေါ်ကျ ရောက်ပေါက်ကွဲရာမှ နှစ်ဦးစလုံးဒဏ်ရာရကာ သားဖြစ်သူသေဆုံးခဲ့သည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့‌သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ