မုန်းမြို့နယ်တွင် မိုင်းနင်းမိကာ စစ်ဘေးရှောင် ၆ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီ ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့သည့် ပြည်သူများ (ဓါတ်ပုံ- KNU)

YT

(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မိုင်းနင်းမိကာ စစ်ဘေးရှောင် ခြောက်ဦး ထိခိုက်ဒဏ်ရာရထားကြောင်း KNU ဗဟိုက ဧပြီလ ၂၅ရက်တွင် သတင်းထုတ်ပြန် သည်။

ဧပြီလ ၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ နှစ်ပတ်ကျော်ကာလအတွင်း မုန်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများသည် ပြည်သူလူထု သွားလာရာ လမ်းကြောင်းများတွင် မိုင်းထောင်ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်ဒဏ်များ ရာရရှိခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများသည် စစ်ဘေးရှောင်သည့် နေရာမှ ၎င်းတို့၏ နေရပ်များသို့ ပြန်လာစဉ် လမ်း၌စစ်ကောင်စီတပ်သားများ ထောင်ထားသည့် မိုင်းများကို နင်းမိ၍ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒဏ်ရာရသူများမှာ စောတီးရွာမှ အသက် ၅၆ နှစ်အရွယ် ဦးဝင်းနိုင်၊ ရေလဲရွာ (ဗမာပိုင်း)မှ အသက် ၄၈ နှစ်အရွယ် ဦးဇော်မင်း၊ နိုကူးရွာမှ အသက် ၁၉ နှစ်အရွယ် စောဒိုးဒိုထူး၊ အညာစုရွာမှ အသက် ၅၄ နှစ်အရွယ် ဦးမြင့်အေး၊ နိုကလော်ရွာမှ အသက် ၂၇ နှစ်အရွယ် စောဆဲနေကော်နှင့် ရေလဲရွာ (ကရင်ပိုင်း)မှ အသက် ၃၈ နှစ်အရွယ် စောတာစီတို့ဖြစ်သည်ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF)၏ ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၁,၀၅၂ ဦးရှိပြီး ကလေးသူငယ် ၂၀ ရာခိုင်နှုန်း ပါဝင်ကာ အရေအတွက်သည် ၂၀၂၂ ခုနှစ်ကထက် သုံးဆခန့်တိုးလာပြီး မြေမြုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်း အန္တရာယ် အကြီးမားဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မိုင်းအန္တရာယ်ကို အကြီးမားဆုံး ခံစားနေရသည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် တို့ဖြစ်ပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်း မိုင်းအန္တရာယ်ရှိနေကြောင်း UNICEF က ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ