တိုက်ကြီးမြို့အနီး ငလျင်ငယ် လေးကြိမ်လှုပ်ဟု ဒေသခံများပြော၊ မိုးဇလက ၁ ကြိမ်သာ သတင်းထုတ်

တိုက်ကြီးမြို့အနီး ငလျင်ငယ် လေးကြိမ်လှုပ်ဟု ဒေသခံများပြော၊ မိုးဇလက ၁ ကြိမ်သာ သတင်းထုတ်

ရွှေနွယ်၊ ဂန္ဒမာ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အနီးတွင် ယနေ့ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီ ၄၀မိနစ် ဝန်းကျင်က အင်အား ရစ်ခ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ ငလျင်အပါအဝင် ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

“ငလျင်လေးကြိမ်လှုပ်ပါတယ်။ တကြိမ်နဲ့တကြိမ်က စက္ကန့်ပိုင်းလောက်ပဲ ခြားမယ်ထင်တယ်။ ဒုတိယအကြိမ်မြောက်မှာ ကျွန်မတို့သစ်သားအိမ်လေးဆွဲယမ်းလိုက်သလိုပဲ။ ဘုရားပန်းလဲရင်းလေ။ ပန်းတွေက ရှေ့နောက်ယိမ်းနေရောပဲ” ဟု သုံးဆယ်မြို့မှ ဒေသခံ တဦးက မဇ္ဈိမကိုပြောသည်။
ပထမအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်သည် မသိသာဘဲ ဒုတိယအကြိမ်သည် သိသိသာသာ ပြင်းထန်သည်ဟု ဆိုသည်။

” ကြောက်ဖို့ကောင်းလိုက်တဲ့ ငလျင်ကြီးဗျာ၊ အင်အားပြင်းတယ်၊ အိမ်တွေကိုသိမ့်ကနဲပဲ၊ နှစ်မိနစ်အတွင်းနှစ်ခါရှိပြီ၊ ဥက္ကံမြို့နယ်မှာပါ”ဟု ဥက္ကံမြို့ခံ ကိုထွေးလေးက ၎င်း၏ ဖေစ့်ဘွတ်ခ် လူမှုကွန်ရက်၌ ရေးသားထားသည်။

ယနေ့ည‌နေတွင် မိနစ်ပိုင်းအတွင်း ငလျင်လေးကြမ်လှုပ်ကြောင်း ဒေသခံများကပြောသော်လည်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အင်အား ရစ်ခ်တာစကေး ၃ ဒသမ ၉ အဆင့်ငလျင် သတင်းသာ ထုတ်ပြန်ထားသည်။ တိုက်ကြီးမြို့၏ မြောက်၊ အနောက်မြောက်ဘက် ၁၂မိုင်ခန့်အကွာကို ‌ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဟုဆိုသည်။
တိုက်ကြီးမြို့အနီးတွင် အောက်တိုဘာလ ၁၁ရက် ကလည်း ရစ်(ခ်)တာစကေးအဆင့်( ၄ )ငလျင်လှုပ်ခဲ့သည်။

စာတည်း- အေးချမ်း
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)