အွန်လိုင်းငွေလိမ်လုပ်ငန်း အဓိကတရားခံဟုဆိုကာ ဝ ဒေသမှ ‌ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၂ဦးကို တရုတ် ဝရမ်းထုတ်

အွန်လိုင်းငွေလိမ်လုပ်ငန်း အဓိကတရားခံဟုဆိုကာ ဝ ဒေသမှ ‌ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၂ဦးကို တရုတ် ဝရမ်းထုတ်

ဂျူချန်း (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ပြုလုပ်နေသည်ဟုဆိုကာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသမှ ငွေလိမ်ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း တရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယူနန်ပြည်နယ်၊ကူမင်းမြို့နှင့် ရှီကျင်းပြည်နယ်၊ဟန်ကျိုးမြို့မှ အများပြည်သူ့လုံခြုံရေးဌာန၏ စိစစ်တွေ့ရှိချက်အရ ချန်ယန်ပန် (ခေါ်) ပေါက်ယန်ပန် နှင့် ရှောက်ယန်ကူ(ခေါ်) ဟော်ချွင်ထင် တို့နှစ်ဦးသည် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ဦးဆောင်ပြုလုပ်နေသည်ကို သက်သေအခိုင်အမာဖြင့် တွေ့ရှိထားပြီဟု တရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးကို ဖမ်းမိနိုင်ရေး သတင်းပေးနိုင်ပါက တရုတ်ယွမ် ၁၀၀,၀၀၀ မှ ယွမ် ၅၀၀,၀၀၀ ( မြန်မာငွေ သိန်း ၃၀၀ခန့်မှ သိန်း ၁,၅၀၀ခန့်)အထိ ပေးမည်ဟု ဆုကြေးထုတ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ အွန်လိုင်းငွေလိမ်မှုကြောင့် တရုတ်ပြည်သူများစွာနစ်နာနေကြောင်းလည်း ဖော်ပြထားသည်။

ချန်ယန်ပန်သည် မြန်မာနိုင်ငံ၌ ပေါက်အိုက်ပန်း ဟု လူသိများပြီး “ဝ”ပြည်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူးဖြစ်ကြောင်း၊ ပေါက်အိုက်ပန်းသည် ယခင်က ဝ တပ်မတော်၊တပ်မဟာ (၄၆၈) တပ်မှူးဖြစ်ပြီး UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် ဆွေမျိုး တော်စပ်ကြောင်း မြန်မာနိုင်ငံရေးနှင့် တိုင်းရင်းသား အရေးလေ့လာသူတဦးက မဇ္ဈိမကို ပြောသည်။

၎င်းက “ပေါက်အိုက်ပန်က လက်ရှိ ဝပြည်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး၊ နောက်တ ယောက်ကတော့ မိုင်းလင်းခရိုင်မှူး။ပေါက်အိုက်ပန်က တူဆိုတာထက် အမျိုးအရင်းထဲက တူတော့ မဟုတ်ဘူး။ အမျိုးနီးစပ်ထဲကလို့ သိတယ်။ အရင်ကတော့ သူ့ကို ပေါက်ယူချန်းရဲ့ မွေးစားသားလို့တောင်ပြောကြတယ်” ဟု ဆိုသည်။

ပေါက်အိုက်ပန်းသည် ယခင် ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် နှင့် အတူ ရှမ်းပြည် အရှေ့ပိုင်း မိုင်းပြင်း မြို့နယ်၌ ဖမ်းဆီးခံခဲ့ရကာ UWSA နှင့် စစ်ကောင်စီတို့ ဒုတိယ အကြိမ် အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်ပြီး နောက်ပိုင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၎င်းအား စစ်တွေထောင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း ယင်းဖြစ်စဉ်ကို သိရှိထားသူတဦးကပြောသည်။
ရှောက်ယန်ကူ(ခေါ်) ဟော်ချွင်ထင်ကို အိုက်ဟော့ ဟု လူသိများကာ မိုင်းလင်းခရိုင်မှူးဖြစ်ပြီး ပေါက်ယူချန်း၏ သားမက်ဟောင်းဟု သိရသည်။

“ဟော်ချွင်ထင်ကို မြန်မာပြည်က အိုက်ဟော့လို့ပဲ သိကြတာ” ဟု အခြားသတင်းရင်းမြစ်တဦးက ပြောသည်။
၎င်းတို့နှစ်ဦးသည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မိုင်းပေါက်နှင့် ဝိန်းကောင် တို့တွင် ကာစီနိလုပ်ငန်းနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အဓိက လုပ်ကိုင်ကြသည်ဟု မြန်မာနိုင်ငံရေးလေ့လာသူတဦးက ပြောသည်။

ပေါက်အိုက်ပန် နှင့် အိုက်ဟော့တို့နှစ်ဦးသည် UWSA မှဟုတ်မဟုတ်နှင့်တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဖမ်းဝရမ်းထုတ်ခြင်းကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမမှ UWSA လားရှိုးမြို့အခြေစိုက် ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းအား မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် အထက်အရာရှိများထံ မေးထားဆဲဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်လအနည်းငယ်က တရုတ်အစိုးရတာဝန်ရှိသူများ၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာ-တရုတ်နယ်စပ်ဒေသများမှ အွန်လိုင်းငွေလိမ်းလုပ်ငန်းများကို ဖော်ထုတ်ရန် စစ်ကောင်စီအား ဖိအားပေးခဲ့သည်။အွန်လိုင်လိမ်လည်မှုအပါအဝင် အွန်လိုင်းလောင်းကစားမှုများနှင့် ဆက်နွှယ်နေသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု စသည့်ရာဇဝတ်မှုများကို တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို လေးနိုင်ငံပူးပေါင်းပြီးနှိမ်နင်းရန်အတွက် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် “ဝ”ပြည်နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁,၂၀၇ ဦးကို UWSA ဌာနချုပ်ရှိရာ ပန်းဆန်မြို့ရှိ နယ်ခြားတံတားဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ၏ ပြန်ကြားရေးစာမျက်နှာ WSTV တွင် စက်တင်ဘာလ ၈ ရက်နေ့ကထုတ်ပြန်ထားသည်။

မဇ္ဈိမမှ မြန်မာနိုင်ငံရှိ တရုတ်သံရုံးအား အွန်လိုင်းငွေလိမ်ခြင်းနှင့်ပတ်သက်၍ ဝရမ်းထုတ်ထားသူနှစ်ယောက်အကြောင်း မေးမြန်းရန်အတွက် ယနေ့ ညနေ ၆နာရီခန့်တွင် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အမျိုးသမီးတဦးမှ ဖုန်းလက်ခံဖြေကြားပြီး ၎င်းအနေဖြင့် ပြောဆိုခွင့်မရှိသဖြင့် သိလိုသည့် အကြောင်းအရာများအား email ပို့ ပေးရန်နှင့် ပို့ရမည့် email ကိုလည်း အထက်အရာရှိကိုမေးမြန်းပြီးနောက် ပြန်လည်ပြောပြမည်ဟုဆိုသည်။

စာတည်း – အေးချမ်း

(ဝဲ) – ပေါက်အိုက်ပန်း(ခ) ချန်ယန်ပန် (ခ) ပေါက်ယန်ပန်
(ယာ) – အိုက်ဟော့ (ခ) ရှောက်ယန်ကူ (ခ) ဟော်ချွင်ထင်