တောင်သာထွေ/အုပ်ရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲမှူး ဗုံးစထိမှန်ဒဏ်ရာရ

တောင်သာထွေ/အုပ်ရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲမှူး ဗုံးစထိမှန်ဒဏ်ရာရ

007 (မဇ္ဈိမ) ။ ။ တောင်သာမြို့နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ထွေ/အုပ်ရုံး ဗုံးဖြင့် တိုက်ခိုက်ခံရပြီး မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးတို့၊ ဗုံးစထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေးတိုင်း ၊ တောင်သာမြို့နယ် ၊ တန်းမြင့်ကျောင်းရပ်ကွက်ရှိ တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အတွင်း အစည်းအဝေးပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ထွေ/အုပ်ရုံးထဲဗုံးကျတယ်။ အဲဒါကို စကစတွေ က လာစစ်တယ်။ အဲဒီအချိန်မှာ နောက်ထပ် ဗုံးနှစ်လုံးထပ်ကျပြီး ပေါက်ကွဲတာ ရဲမှူးနဲ့ နယ်ပိုင်ကြီး(မြို့နယ်ထွေ/အုပ်ဦးစီးမှူး)၊ နှစ်ယောက်စလုံးဗုံးစမှန်တယ်။ မစိုးရိမ်ရပါဘူး။ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ မဟုတ်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။

ရုံးဝင်းအနီး Drop Bomb နှစ်လုံး ကျရောက်ပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့နှင့်တာဝန်ရှိသူများအား နောက်ထပ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းက သိရသည်။

မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသည့် ဌာန သတင်းများကဆိုသည်။

ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှ ပုလဲ၊ ဘုတလင် ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်၊ ကရင်ပြည်နယ်မှ ကမောင်းမြို့နယ်နှင့် ပဲခူးတိုင်းမှ ပဲခူးနှင့် ကျောက်ကြီးမြို့နယ်၊ မကွေးတိုင်းမှ ရေစကြိုနှင့် မြိုင်မြို့နယ်၊ မွန်ပြည်နယ် ပေါင်မြို့နယ်၊ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်တို့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး(ထွေ/အုပ်) များကို ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး