ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၇၀,၀၀၀ အထိရှိလာ

ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၇၀,၀၀၀ အထိရှိလာ

ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်အချို့အား ယခုလအတွင်း တွေ့ရစဥ် (ဓာတ်ပုံ- ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် )

001 (မဇ္စျိမ)။ ။ အာဏာသိမ်းကာလနှစ်နှစ်ခွဲကျော်အတွင်း တိုက်ပွဲများကြောင့် ကရင်နီ ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၇၀,၀၀၀ အထိရှိလာပြီး စားနပ်ရိက္ခာအကြပ်အတည်းများ ကြုံတွေ့နေရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ခန့်ကစ၍ ဖရူဆိုမြို့နယ်ရှိ ကေးလျားအုပ်စုမှ ငါးရွာခန့်၊ ဒိုးပရယ်အုပ်စုမှ ငါးရွာခန့်နှင့် IDP Campအချို့၊ တော်ခူအုပ်စုမှ အနည်းဆုံး သုံးရွာ တို့မှ စစ်ဘေးရှောင်လူဦးရေ ၁၀,၀၀၀ ဝန်းကျင်ထပ်တိုးလာကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး( ၂ )ကိုဗညားကပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အကြပ်အတည်းများဖြစ်လာပြီး အခြားတဖက်တွင်လည်း ဆေးဝါး၊ အမိုးအကာ စသည့်လိုအပ်ချက်များ
ရှိနေကြောင်း သိရသည်။

စားနပ်ရိက္ခာအခြေအနေနှင့် ပတ်သက်ပြီး ကိုဗညားက”ကျွန်တော်တို့ဆို အခုနောက်ပိုင်းစားနပ်ရိက္ခာပေးတာတောင် အရေးပေါ်လောက်ပဲ ပေးနိုင်တော့တယ်ပေါ့နော်။ အရေးပေါ် ဆိုတာက စခန်းကော်မတီတွေကနေ ဒါကတော့ အရေးပေါ် လုံးဝကို အခြေအနေမကောင်းတော့ဘူး ။ တယောက်ကို တပြည်နှုန်းနဲ့ ပေးရတဲ့အရေးပေါ်ပေါ့။ စခန်းတခုလုံးကို ခြုံငုံပေးတာမဟုတ်ဘဲ အရေးပေါ်ပေးရတဲ့ ပုံစံတွေပိုများလာတာပေါ့။ အကြိမ်ရေတွေပိုတွေ့လာတယ်။ စခန်းတော်တော်များကတောင်းဆိုလာတယ်။ အဲ့တာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ စားနပ်ရိက္ခာကြပ်တည်းလာတယ်လို့တောင် လုံးဝ ပြနေတာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် တပတ်အတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းများတွင် ဖျားနာသူများ တိုးလာကြောင်းလည်း သိရသည်။

“တခါ တခါရွှေ့ပြီဆိုရင်တော့ ရှိနေပြီးသား ဆေးရုံ ဆေးခန်းတွေ ဖျက်လိုက်ရတာပေါ့။ နောက်ပြီး ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့သူတွေကလည်း ပြန့်သွားတယ်။ အဲ့တာကြောင့် စစ်ရှောင်စခန်း အသစ်မှာဆိုရင် ကျန်းမာရေးဆိုင်ရာ တောထဲတောင်ထဲမှာလည်း တချို့သွားခိုနေတဲ့အတွက် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေတော့ ကြုံတွေ့နေရတယ်”ဟု ၎င်းကပြောသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းကတည်းက ကရင်နီ ပြည်နယ်ရှိ အဓိကလမ်းများ ပိတ်ဆို့ခံထားရသည့်အတွက် ရှမ်း-ကယားနယ်စပ်တလျှောက်ရှိကျေးရွာများရှိ ဒေသခံများအနေဖြင့် လူမှုကယ်ဆယ်ရေးပစ္စည်းပြတ်လပ်မှုများ ကြုံတွေ့နေရသကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်များလည်း အဟန့်အတားဖြစ်နေကြောင်း UN OCHA Myanmar က ပြီးခဲ့သည့် ရက်ပိုင်းကထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြားတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်ပြီး နှစ်နှစ်ခွဲကျော်အတွင်း တိုက်ပွဲအကြိမ်ရေ ၈၂၀ ကျော်ဖြစ်ပွားခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPFက အောက်တိုဘာလ ၁ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ကရင်နီပြည်နယ်တခုလုံးတွင် လူဦးရေ စုစုပေါင်း ၃၉၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။


စာတည်း။ ။အောင်ကျော်ဖြိုး