နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၁၉ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုး

ဂျပန်နိုင်ငံ နာဂိုရာမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံပွဲကို မေလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ ၂၀၂၄ ဂွမ်ဂျူးလူ့အခွင့်ရေးဆုပေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်တို့က မေ ၁၈ ရက်နေ့ ညနေပိုင်းတွင် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကနေဒါနိုင်ငံ၊ ဗန်ကူဗာမြို့၊ ဗြိတိသျှကိုလမ်ဘီယာတက္ကသိုလ် (University of British Columbia) တွင်လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် “ဒီမိုကရေစီ ထွန်းကား သော နှင့် ခွဲခြားမှုကင်းရှင်းစွာဖြင့် အများပါဝင်နိုင်သော မြန်မာပြည်ကို ပုံဖော်ခြင်း (Charting Democratic and Inclusive Myanmar)” အမည်ဖြင့် လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ခုကို မေလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် နှင့် PDF မြင်းခြံခရိုင် တပ်ရင်းအမှတ် (၇) အဖြစ် တည်ရှိနေပြီး ZERO ပြောက်ကျားတပ်ဖွဲ့မြင်းခြံ ၏ ခေါင်းဆောင် ကိုသက်ကြီးတို့ အလုပ်ကိစ္စခရီးသွားရင်း လမ်းခုလတ်တနေရာ၌ တွေ့ဆုံခဲ့ကြောင်း ကိုသက်ကြီး၏ ပြောဆိုချက်ကို ကိုးကား၍ PVTV သတင်းတွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ချင်းလဲန်းကောင်စီ(CC)တို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုကို မေ ၁၇ ရက်က ပြုလုပ်ခဲ့ရာ သဘောတူညီမှု လေးချက်ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ် ရေး ဒုဝန်ကြီးနိုင်ကောင်းရွက်သည် တောင်ပိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၃)သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း NUGကာကွယ်ရေးက ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နှင့် မြို့တော်မြစ်ကြီးနားသို့ ဆက်သွယ်ထားသည့် ပူတာအို − မြစ်ကြီးနား လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်( KIA )နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားကာ လမ်းပိုင်းပြတ်တောက်လျက်ရှိသောကြောင့် ပူတာအိုမြို့တွင် ကုန်စျေး နှုန်းများ အဆမတန်မြင့်တက်ပြီး စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေကြရကြောင်း ပူတာအိုဒေသ ခံတို့က ပြောသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အုန်းသျှစ်ကုန်းကျေးရွာတွင် တပ်စွဲနေသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ဖရဲကျွန်းကျေးရွာအား စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်နှင့်အဆောက်အအုံ ၅၀နီးပါး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ရွှေဘိုနှင့်ရေသာကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး အများအပြားဒဏ်ရာရ‌ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သတင်းရှိသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ စစ်ဘေးရှောင် ပြည်သူများကို ယင်းမာပင်၊ဆားလင်းကြီးသပိတ်ကော်မတီ၏ Medical teem က သွားရောက်၍ အလှူရှင်များ လှူဒါန်းသည့် ဆေးဝါးများဖြင့် ကျန်းမာရေး ကုသစောင့်ရှောက်ပေးခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အတွင်းရှိ ရက်ရှည်စစ်ရှောင်အိမ်ထောင်စု ၅၇စု အတွက် တစ်လစာ ဆန်တင်း ၁၀၀ကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိ ရသည်။

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်ဆာလင်းကြီးရွာပေါင်းစုံသပိတ်နှင့် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်တို့ပူးပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့ကြကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ ၁၉ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

ရခိုင်ပြည်နယ်အတွင်းတွင် အာရက္ခတပ်တော်( AA )အနေဖြင့် မည်သည့် ဘာသာရေးနှင့် လူမျိုးစု နောက်ခံ ဖြစ်စေကာမူ လူတိုင်းကို ကာကွယ်စောင့်ရှောက်မည်ဟု ကတိပြုကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၎င်း၏ X(ယခင်တွစ်တာ)လူမှုကွန်ရက်တွင် ယမန်နေ့ (မေလ ၁၈ရက်) ညနေပိုင်းက ရေးသားဖော်ပြသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၃)နယ်မြေ အတွင်းရှိ စစ်ကောင်စီတပ်စခန်း ရှစ်ခုကို မေလ ၁၈ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု KIA သတင်း ပြန်ကြားရေးဌာနက ဖော်ပြသည်။

ချင်းပြည်နယ် ၊ တွန်းဇံမြို့နယ် ၊ ကျီခါးမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိပြီဖြစ် ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမကို ပြောသည်။

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် စစ်တပ်က ရိုဟင်ဂျာလူငယ်များကို စစ်တပ်ထဲ အတင်းအကျပ် ဆွဲသွင်းနေ၍ ထွက်ပြေးနေရသော ကလေးငယ်များအပါအဝင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၂၂ ဦးကို ရက္ခိုင်တပ်တော်(AA) က ကယ်တင်နိုင်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံဖြစ်သော ဗိုလ်မှူးကျော်ဇောရဲ ပတ်သက် နေသော Myanmar Data Science and Satellite Technology Center (MSTC)ကို ယနေ့ (မေလ ၁၉ ရက်) နေ့တွင် ရန်ကုန်မြို့မှာဖွင့်လှစ်သွားမှာဖြစ်ပြီး ရုရှားနှင့် ဘီလာရုစ်နိုင်ငံများမှ အရာရှိများလည်း တက်ရောက်မှာဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းဖော်ထုတ်သိရှိရသည်။

ယခုနှစ် ၂၀၂၄ ခုနှစ်၊ ပထမ လေးလတာ ကာလအတွင်း မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံခဲ့ရသည့် ကုမ္ပဏီပေါင်း ၅၀၀၀‌ ကျော်အထိ ရှိခဲ့‌ ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနစာရင်းများအရ သိရသည် ။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသ နာပြု တက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး ဆောက်လုပ်ရန် ရတနာ အုတ်မြစ်တော်စီ မဟာမင်္ဂလာကို မေလ ၁၈ ရက်နံနက်က ပြုလုပ်ခဲ့ပြီး ယင်းခန်းမဆောင် ကို အာဏာသိမ်းမင်းအောင်လှိုင်မိသားစုက ဦးဆောင်လှူဒါန်းကြောင်း စစ်ကောင်စီသတင်းများ တွင် ဖော်ပြထားသည်။

တရားမဝင် ငွေလွှဲဟွန်ဒီများဆောင်ရွက်မှုများကိုလည်း နိုင်ငံတကာကစောင့်ကြည့်နေပြီး ဗဟိုဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်း အရေးယူခံရနိုင်မှုများ ရှိကြောင်း၊ Online Trading Platform မှတစ်ဆင့် ဈေးကွက်ဝယ်လိုအား/ ရောင်းလိုအား အပေါ် မူတည်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုအပ်သည့် နိုင်ငံခြားငွေများကို ဝင်ရောက်ရောင်းချပေးလျက်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

မေ ၁၉ ရက် သုံးသပ်ချက်

ရခိုင်နှင့်ကချင်တို့တွင် စစ်ကောင်စီစခန်းများမြို့များကို တခုပြီးတစ်ခုသိမ်းယူနေသကဲ့သို့ ချင်းပြည်နယ် တွင်လည်း စစ်ကောင်စီမြို့များ သိမ်းယူလာနိုင်သည်ကိုတွေ့ရသည်။ယင်းကြောင်း ယခုနှစ်အတွင်း စစ်ကောင်စီစခန်းသိမ်းမြို့သိမ်း တိုက်ပွဲများသည် မြေပြင်ဒေသတွင် ဖြစ်လာနိုင်ဖွယ်ရှိနေသည်။