ဘီးလင်း ဒေါက်ရပ်ရွာတွင် စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး ၁၂ ဦးသေဆုံး

ဘီးလင်း ဒေါက်ရပ်ရွာတွင် စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး ၁၂ ဦးသေဆုံး

စစ်ဆင်ရေး ပြုလုပ်ရန် ထွက်ခွာလာသည့် ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- တောကျီးကန်းစစ်ကြောင်း)

YT (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာသို့ လာသော စစ်ကောင်စီကင်းပုန်းများ တော်လှန်ရေးအင်အားစုများ​၏ တိုက်ခိုက်ခြင်းခံရ၍ ၁၂ ဦးသေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက သတင်းထုတ်ပြန်ပြီး သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
” မိုင်းက ဆွဲမိုင်းလေ၊ ရန်သူ စက်ကွင်းထဲ ဝင်လာမှ ကိုယ့်စိတ်ကြိုက်အနေအထားရောက်မှ ခွဲရတဲ့မိုင်းပါ။ ကျွန်တော်တို့ဘက်က လုံးဝ အသာစီးရတော့ စစ်ကောင်စီဘက်က အထိအခိုက်တော်တော်များတယ်” ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီယာဉ်တန်းအတွက် လုံခြုံရေးယူပေးရန် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ကင်းပုန်းများအား တပ်မဟာ (၁) KNLA တပ်ခွဲ(၂)၊ PDF တပ်ခွဲ(၂)၊ တောကျီးကန်းစစ်ကြောင်း ၊ တပင်ရွှေထီးစစ်ကြောင်းနှင့် ဘီးလင်း ပကဖ ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းဖြစ်သည်။


အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၉ နာရီတွင် ဒေါက်ရပ်လမ်းဆုံ၌ ကင်းပုန်းလာဝပ်သည့် အင်အား ၃၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ကင်းပုန်းအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းနှစ်လုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားငါးဦး သေဆုံးခဲ့ကြောင်း၊ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီကင်းပုန်းမှာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။


ထို့နောက် အဆိုပါ စစ်ကောင်စီတပ်ကင်းပုန်းသည် ရွှေအင်ဒုံဘုရားကုန်းဘက်သို့ ထပ်မံဝင်ရောက်လာသဖြင့် နံနက် ၁၀ နာရီဝန်းကျင်တွင် တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်း ၁၀ လုံးဆွဲကာ ထပ်မံတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း၌လည်း စစ်ကောင်စီတပ်ဘက်တွင် ခုနစ်ဦးသေဆုံး၍ ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ဆိုသည်။


ထို့ပြင် အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၃ မိနစ်အချိန်တွင် ဒေါက်ရပ်ကျေးရွာ၊ ရွှေကုက္ကိုလ်ကွေ့တွင် ကင်းပုန်းလာဝပ်သည့် စစ်
ကောင်စီတပ်ကင်းပုန်းကိုလည်း တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံက သိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့က ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော အဆိုပါ ထိတွေ့မှုဖြစ်စဉ် သုံးခုလုံးတွင် တပ်နဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်၌ အထိအခိုက်မရှိကြောင်း သိရသည်။


” အဲ့ဒီနေ့က ပူးပေါင်းအဖွဲ့က ထိခိုက်မှု မရှိပါဘူး” ဟု သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကိုအတည်ပြုသည်။
စစ်ကောင်စီကင်းပုန်းများ ဆက်တိုက် တိုက်ခိုက်ခံရမှုကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၁၄) မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ဒေါက်ရပ်ကျေးရွာဘက်သို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ လူသူအထိအခိုက် မရှိကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)