ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ၄၁ နှစ်ကြာ စောင့်ဆိုင်းရမှုကို အက်စတွန်ဗီလာ အဆုံးသတ်

By PKThawn

ထိပ်ဆုံးလေးသင်းပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးက အင်္ဂါနေ့မှာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ပြီးနောက် အက်စတွန်ဗီလာဟာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။

တော့တင်ဟမ်ဟာ အင်္ဂါနေ့မတိုင်ခင် ဗီလာကို ကျော်တက်နိုင်တဲ့ တသင်းတည်းသော အသင်းဖြစ်ပေမယ့် အခုအခါ လက်ကျန်တပွဲနဲ့အတူ အူနိုင်းအမ်မရီရဲ့အသင်းနောက် ငါးမှတ်အကွာမှာ ရှိနေပါတယ်။

၁၉၉၁-၉၂ မှာ ဥရောပဖလားပြိုင်ပွဲကို ချန်ပီယံလိဂ်ပြိုင်ပွဲလို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီးနောက်ပိုင်း ဗီလာဟာ UEFA ရဲ့ ထိပ်တန်းကလပ်ပြိုင်ပွဲကို မရောက်ရှိခဲ့ပါဘူး။

သူတို့ဟာ လွန်ခဲ့တဲ့ ၄၁ နှစ် ၁၉၈၂-၈၃ ရာသီမှာ ဥရောပဖလားပြိုင်ပွဲကို နောက်ဆုံးကစားခဲ့ပြီး ရှေ့ရာသီမှာ ပြိုင်ပွဲရဲ့ ချန်ပီယံဖလားကို ဆွတ်ခူးခဲ့ပါတယ်။

ဗီလာဟာ ၁၉၉၂-၉၃ နဲ့ ၁၉၉၅-၉၆ ရာသီတွေမှာ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် အဲဒီရာသီနှစ်ခုစလုံးမှာ ပထမနေရာက အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တာပါ။

ဗီလာကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေဟာ အင်္ဂါနေ့ညက Villa Park မှာ သူတို့ရဲ့ နှစ်ပတ်လည် ဆုပေးပွဲကို ကျင်းပခဲ့ပြီး တော့တင်ဟမ်ဟော့စပါးကွင်းမှာ အဖြေထွက်ပေါ်ခဲ့တာကြောင့် အောင်ပွဲခံခဲ့ကြပါတယ်။

“ဒါဟာ တကယ်ကို ထူးခြားတဲ့ နေ့တနေ့ပါ။”လို့ အမ်မရီက ပြောပါတယ်။ “ဒါဟာ ကျနော်တို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ပါ၊ ရာသီအစကတည်းက ဒီနေရာကို ရောက်ဖို့ ရည်မှန်းထားတယ်။  ဒဏ်ရာတွေနဲ့ ရင်ဆိုင်ရပေမယ့် အသင်းက တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစူးစိုက်မှုရှိခဲ့တယ်။ ဒါဟာ တကယ်ကို ကောင်းမွန်ပါတယ်။ ချန်ပီယံလိဂ်မှာ ကစားတာက အကောင်းဆုံးပါပဲ။”

၂၀၂၂ အောက်တိုဘာလမှာ တန်းဆင်းဇုန်မှ သုံးမှတ်အကွာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၄ ရှိတဲ့ အက်စတွန်ဗီလာဟာ နည်းပြ အမ်မရီကို ခန့်အပ်ခဲ့ပါတယ်။

ဘာမင်ဂမ်အခြေစိုက်အသင်းဟာ သူတို့ရဲ့ အရင်နှစ်ရာသီကို အဆင့် ၁၄ နဲ့ ၁၇ မှာ ပြီးဆုံးခဲ့ပြီး ၂၀၁၉ ရဲ့ အစောပိုင်း သုံးနှစ်ကို ချန်ပီယံရှစ်မှာ ကစားနေခဲ့ပါတယ်။

ဒါပေမယ့် အမ်မရီက ဗီလာရဲ့ ကံကြမ္မာကို ပြောင်းပြန်လှန်ခဲ့ပါတယ်။ စပိန်သားနည်းပြ တာဝန်ယူပြီးနောက်ပိုင်း မန်ချက်စတာစီးတီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကသာ ဗီလာထက် ပရီးမီးယားလိဂ် ရမှတ်ပိုစုဆောင်းနိုင်ခဲ့တဲ့ အသင်းတွေဖြစ်ပါတယ်။

ပြီးတော့ သူဟာ ဗလင်စီယာ၊ စပါတက်မော်စကို၊ ဆီဗီလာ၊ ပဲရစ်စိန့်ဂျာမိန်းနဲ့ ဗီလာရီးယ်တို့ပြီးနောက် ချန်ပီယံလိဂ်မှာ မတူညီတဲ့  ခြောက်သင်းမြောက်အသင်းကို ကိုင်တွယ်မှာဖြစ်ပါတယ်။

လာမည့် ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ အသင်း ၃၂ သင်းမှ ၃၆ သင်းအထိ တိုးမြှင့်ပြီး လိဂ်ပုံစံအတိုင်း ကျင်းပသွားမှာဖြစ်ပါတယ်။ အသင်းတသင်းက ချန်ပီယံလိဂ်အခြား ၃၅ သင်းစလုံးနဲ့ တွေ့ဆုံရမှာမဟုတ်ဘဲ ပြိုင်ဘက် ရှစ်သင်းနဲ့သာ တွေ့ဆုံရမှာပါ။ အိမ်ကွင်း လေးပွဲ၊ အဝေးကွင်း လေးပွဲစီ ယှဉ်ပြိုင်ရမှာပါ။ အဲဒီကနေမှ ထိပ်ဆုံး ရှစ်သင်းက ၁၆ သင်းအဆင့်ကို ရောက်သွားမှာဖြစ်ပြီး အဆင့် ကိုးကနေ ၂၄ အတွင်း ဝင်တဲ့အသင်းတွေ ရှုံးထွက်(play-off)ကစားပြီး နိုင်လာတဲ့ ရှစ်သင်းက ထိပ်ဆုံးရပ်တည်ထားတဲ့ ရှစ်သင်းနဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ကစားရမှာဖြစ်ပါတယ်။ 

Ref; BBC, Guardian