ရေဦးအနောက်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံ ၁၀,၀၀၀ ကျော် တိမ်းရှောင် နေရ

ရေဦးအနောက်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံ ၁၀,၀၀၀ ကျော် တိမ်းရှောင် နေရ

MTO (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းရှိကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေခြင်းကြောင့်ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း People’s Defense Comrade အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က အင်အား ၁၃၀ ပါ စစ်ကောင်စီစစ်ကြောင်းသည် ရေဦးမြို့နယ် အနောက် ခြမ်းရှိ ငြုတ္တုံ၊ မုတ်စီ၊ ရွာမိဿာ၊ မူးဆုံ၊ မစိုးရိမ်၊ အောင်သာ၊ ပျော်ဘွယ်၊ ခြုံရွာ၊ ကျီကုန်း၊ ဇီးကုန်း ကျေးရွာ များကိုစစ်ကြောင်းထိုးပြီးနောက် ရေဦးနှင့် ဒီပဲယင်းနယ်စပ်ရှိ မစိုးရိမ်နှင့် အောင်သာရွာတို့၌ ညအိပ်တပ်စွဲ ခဲ့ကြောင်း People’s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

“ရေဦးက စစ်ကြောင်းထွက်လာလို့ ဒေသခံ ၁၀,၀၀၀ ကျော်လောက် ထွက်ပြေးနေရတယ်။ မစိုးရိမ်ရွာ ဘက်မှာရှိတဲ့စစ်ကြောင်းကတော့ ဒီနေ့ ဒီပဲယင်းနယ်မြို့အတွင်း ဝင်သွားပြီ။ ဒီပဲယင်းမြို့နဲ့ အနီးမှာရှိတဲ့ ကျေးရွာတချို့ကတော့ ဆက်ပြီးတိမ်းရှောင်နေကြရဆဲပဲ” ဟု ၎င်းကပြောသည်။

အဆိုပါစစ်ကြောင်းသည် စတင်ထွက်ခွာလာချိန်တွင် ကျေးရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း ဒေသခံများက ဆို သည်။

ရွှေဘိုခရိုင်တပ်ရင်း(၁၄) Ye-UPDF က အဆိုပါစစ်ကြောင်းကို သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးသွားကြောင်း ယင်းအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

နံနက် ၆ နာရီ ၃၅ မိနစ်က သဲတောမူးအနီးသို့ရောက်ရှိချိန်တွင် မိုင်းတလုံး၊ နံနက် ၁၀ နာရီ ၅၅ မိနစ်က လက်တန်(၁)အနီးတွင် မိုင်းတလုံး၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်က ယူကလစ်ခြံနှင့် လက်တန်(၅)မြောင်းခွဲ ကြားအရောက်တွင် မိုင်းတလုံး၊ စုစုပေါင်း မိုင်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံး၍ ခြောက်ဦး ဒဏ်ရာရရှိကြောင်း ကနဦးသိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရေဦးမြို့နယ်အတွင်း မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး အောက်တိုဘာလ ၇ ရက်နေ့ကလည်း ရေဦးမြောက်ခြမ်းနှင့် အနောက်တောင်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့သည်။

ပုံအညွှန်း – ရေဦးမြို့နယ်အနောက်ခြမ်းကျေးရွာများရှိဒေသခံပြည်သူများစစ်ရှောင်နေကြရစဉ်

ဓါတ်ပုံ – People’s Defense Comrade

စာတည်း။ ။စောဖေ