ကော့ကရိတ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွား

ရွာပေါင်းစုံသပိတ် ”ဘူးသပိတ်” တွင် ပါဝင်ရန် စည်းရုံးလှုံ့ဆော်

(မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

“နေ့လယ်အထိ ဆက်တိုက်ပဲ။ ရန်သူဘက်ကအင်အားမနည်းဘူး ရာကျော်မယ်ထင်တယ်။ ဒီဘက်က လည်း လက်နက်ကြီးလက်နက်ငယ်အစုံနဲ့ ပစ်နေတာ” ဟု တော်လှန်ရေးသတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

ကော့ကရိတ်မြို့ပေါ်နှင့် တတန်ကူးကျေးရွာဘက်မှ စစ်ကောင်စီတပ်သားများ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ၍ တတန်ကူးကျေးရွာနှင့် ဆင်ကုန်းကျေးရွာအကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်မြေခံ တပ်မဟာ(၆)ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က ဆင်းကုန်းကျေးရွာ၊ တတန်ကူးကျေးရွာနှင့် ဝင်းကြီးကျေးရွာ ဘက်သို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ကော့ကရိတ်မြို့နယ်အတွင်းရှိ လှိုင်ဝ အမြောက်တပ်နှင့် ခြေလျင်တပ်ရင်း ခလရ(၉၇) အပါအဝင် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများ ပြုလုပ်သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။

“စကစဘက်ကတော့ မသိရသေးဘူး။ ဒီဘက်ကတော့ ရဲဘော်တယောက် ဗုံးစထိထားတယ်။ အခုတော့ တိုက်ပွဲရပ်သွားပြီ” ဟု အခြားသတင်းရင်းမြစ်တဦးမှ ညနေ ၃ နာရီအချိန်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုတို့ကြောင့် အနီးအနားရှိ ကျေးရွာများမှဒေသခံများသည် ဗုံးခိုကျင်းများအတွင်း ပုန်းခိုနေရသူများရှိသကဲ့သို့ နီးစပ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေသူများလည်းရှိကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ