မီးပျက်ခြင်း၏ နောက်ဆက်တွဲပြဿနာများကို ခံစားနေရသည့် မြန်မာပြည်သူများ

007
လာမည့် ၂၀၄၀ ခုနှစ်အတွင်းမှာ မြန်မာတနိုင်ငံလုံး မီးလင်းမည်ဆိုသည့် စီမံကိန်းချထားသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်းမှာ လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပြတ်တောက်မှုကို မြို့နေလူထုများ ခါးစည်းခံနေကြရသည်။
လျှပ်စစ်ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် ‘’လျှပ်စစ်စွမ်းအားဖြင့် လောကနိဗ္ဗာန် တည်ဆောက်အံ့’’ ဆိုသည်ကလည်း လူထုကြားထဲမှာ လှောင်ပြောင်စရာတခုကဲ့သို့ ဖြစ်လာသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အလှည့်ကျ မီးပေးစနစ်မှသည် နာရီပိုင်းခြား မီးပေးစနစ် ဖြစ်လာပြီး လက်ရှိမှာ ထိုကဲ့သို့ စနစ်မျိုး မရှိတော့ဘဲ “မီးလာချင်သလိုလာ၊ ပျက်ချင်သလိုပျက်စနစ်ဖြစ်နေတယ်” ဟု ပြည်သူတဦးက ပြောသည်။
လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် တရက်ကို ပျမ်းမျှ ၂၈၀ဝ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်တော့ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက ပြောဆိုထားပြီး ယင်းသည် တနိုင်ငံလုံး၏ လျှပ်စစ်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
လျှပ်စစ်မီးဆိုးဆိုးဝါးဝါး ပြတ်တောက်ရသည့်အကြောင်း လေ့လာကြည့်သည့်အခါ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်ခြင်းနှင့် ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများကြောင့်ဟု လျှပ်စစ်ဝန်ထမ်းဟောင်းများက ပြောသည်။
‘’(လျှပ်စစ်ဌာနကို) အရင်စစ်အစိုးရလက်ထက်မှာ တပ်ထဲကနေ အရပ်ဖက် ပြောင်းလာတဲ့ ဘီပိုး၊စီပိုးသမားတွေ၊ ဒူးပြတ်တွေရောက်လာတယ်။ သူတို့ကို အလုံမြို့နယ်ရုံးချုပ်မှာတွဲထားပြီး မြို့နယ်တွေမှာမြို့နယ်မန်နေဂျာတွေ အဖြစ်ရာထူးပေးပြီး မြို့နယ်တွေကို ပို့လိုက်တယ်။ အဲဒီတော့ ကျွမ်းကျင်ပညာရှင်မြို့နယ်အင်/ယာတွေက ဘာမှမသိမတက်သူတွေကို တင်ပြ လက်မှတ်ထိုးရတော့ ဌာနမှာ ပြဿနာတွေ ဖြစ်လာတယ်။ နောက်မီတာတခု လျှောက်တော့မယ်ဆို သတ်မှတ်ချက်တွေရှိတယ်။ တွက်ချက်ရတယ်။ ဒါပေမယ့်အကိုကြီးညီလေး စာတွေနဲ့လာတော့ မီတာတွေထုတ်ပေး၊ မီးလိုင်းတွေချပေးရတယ်။ ဒီတော့ ရပ်ကွက်ထဲမှာ ဝန်အားတွေ မမျှဖြစ်တာတွေ၊ ထရန်စဖော်မာအိုးတွေပေါက်တာတွေဖြစ်လာတော့တာပဲ’’ဟု လျှပ်စစ်ဝန်ထမ်းဟောင်း တဦးက ပြောသည်။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပေးစနစ်ကိုပြောရမည်ဆိုပါက ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး နှစ်ပိုင်းရှိကြောင်း သိရသည်။
အဓိကထုတ်လုပ်ရေးအပိုင်းတွင် National Unit ဟုခေါ်သည့် မဟာဓါတ်အားလိုင်း ကွန်ယက်ထဲကို စက်ရုံများမှထွက်သည့် လျှပ်စစ်ကို လွှတ်တင်လိုက်ကာ ယင်းမှတဆင့် ဖြန့်ဖြူးသည့် ခွဲရုံများကို နည်းနည်းချင်းစီ ပေးသွားရခြင်းဖြစ်ကြောင်း လျှပ်စစ်အရာရှိတဦးက ရှင်းပြသည်။
“ဘာကြောင့် Systen Break Down ဖြစ်ရတာလဲဆိုရင်လည်း ခုနကပြောတဲ့ လျှပ်စစ်မီး မနိုင်တဲ့အခါမှာ ဘယ်လိုင်းက ဘယ်ခွဲရုံကိုတော့ ပိတ်ထားမယ်။ ဘယ်လိုင်းကိုတော့ ပေးမယ်ဆိုတဲ့စနစ်တွေကိုတော့ ဓါတ်အားကွပ်ကဲရေးအဖွဲ့က တာဝန်ယူပေးရတာ။ဒီအဖွဲ့တွေက မြန်မာနိုင်ငံမှာဆိုရင် နေပြည်တော်၊ရန်ကုန်နှင့် မန္တလေး(အဖွဲ့ငယ်)တွေရှိတယ်။အဲဒီအဖွဲ့ကနေ၂၄ နာရီ ထိန်းချုပ်မှု လုပ်နေရ တာပေါ့။ သူကလည်း မဟာဓါတ်အားလိုင်းထဲမှာ မီးရှိမှ ထိန်းကျောင်းလို့ရ တာလေ။အဲဒီမှာ ဝန်အားလျော့ခြင်း (Load Shed)ရှိလာတယ်။ သူကလည်း ထုတ်လုပ်မှုနှင့်သုံးစွဲမှု မမျှတဲ့အခါမှာ တနိုင်ငံလုံး Systen Break Down ဖြစ်ကုန်တော့ပဲ” ဟု လျှပ်စစ်အရာရှိတဦးက ပြောသည်။
“တီကျစ်မှာရှိတဲ့ကျောက်မီးသွေး စက်ရုံကနေ လျှပ်စစ်မီးပေးမယ် ပြောတယ်။ဒါပေမယ့် မအောင်မြင်ဘူး၊ ဘာကြောင့်လည်းဆိုရင် ဒီစက်ရုံလျှပ်စစ်မီးလည်ပတ်ဖို့အတွက် ကျောက်မီးသွေးတွေကို (Spray) ဒီဇယ်ဖြန်းရတယ်။ဒီဇယ်ဖြန်းရတဲ့ ဂါလံက မနည်းဘူးဗျ၊ တော်တော်ကို ကုန်ကျတယ်။ အခုလည်း ဖြိုးမင်းသိန်းဝယ်ထားတဲ့ မီးစက်ကြီးကိုမောင်းနှံဖို့အတွက်လည်း ပိုက်ဆံတွေအများကြီးကုန်တာ” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်ရှိ စက်မှုဇုန်များတွင်လည်း တရက်နှစ်နာရီသာ လျှပ်စစ်မီး ရတော့မည်ဟု ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်းက ပြောသည်။
ယင်းသည် သီလဝါ၊ ရွာမ၊ အလုံ၊ သာကေတနှင့် လှော်ကားတို့တွင် ရှိနေသည့် LNG ဟု ခေါ်သည့် သဘာဝဓါတ်ငွေ့နှင့်မောင်းသည့် စက်ရုံများ ရပ်ဆိုင်းသွားခြင်းကြောင့်ဟု လျှပ်စစ်ဝန်ထမ်းတဦးက ပြောသည်။
မြန်မာနိုင်ငံမှာ မီးပေးနေသည့် စနစ်မှာ ဟိုက်ထရိုပါဝါ(ရေအားလျှပ်စစ်)ကို အခြေတည်ကာ လျှပ်စစ်မီး ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး LNG ကမ်းလွန်ဓါတ်ငွေ့ စက်ရုံများက ရေအားလျှပ်စစ်ကို ဒေါက်တိုင်ပေးထားသည်။
“အရင်က မီးမှန်တယ်ဆိုတာက ဒီသဘာဝဓါတ်ငွေ့သုံးစက်တွေက လျှပ်စစ်မဂ္ဂဝပ် အများကြီးထုတ်ပေးနိုင်တယ်လေ။
ကိုဗစ်ကာလတုန်းကတောင် တောက်လျှောက် ရန်ကုန်မှာမီးပေးနေနိုင်တဲ့ VPOWER (သင်္ဘောကြီး) က မြန်မာနိုင်ငံကနေပြန်ထွက်သွားတယ်။ ဘာကြောင့်မြန်မာပြည်ကထွက်သွားရတာလဲဆိုရင် နိုင်ငံခြားငွေအဟတွေကြောင့်ပဲလေ။ သူကမဂ္ဂဝပ်မနည်းဘူးနော်၊ ၇၅၀ လောက်ရှိတယ်။ ရန်ကုန် အရှေ့ပိုင်းခရိုင်နဲ့တောင်ပိုင်းခရိုင် ဒီခရိုင်နှစ်ခုကို မီးကောင်းကောင်းပေးလို့ရတယ်။ပြီးတော့ သီလဝါမှာဆိုလည်း LNG ဓါတ်ငွေ့စက်ရုံ ၂၅မဂ္ဂဝပ် နှစ်လုံးရှိတော့ အဲဒီကဓါတ်အားက သီလဝါကို ကာဗာပေးနိုင်တယ်။အခုတော့အဲဒီစက်တွေလည်းမမောင်းနိုင်တော့ဘူးလေ။ ဆိုတော့ ဒီသုံးနှစ်အတွင်းမှာရေအား လျှပ်စစ်ကိုဒေါက်တိုင်ပေးထားတဲ့ ဓါတ်ငွေ့စက်ရုံတွေရပ်ဆိုင်းသွားရတဲ့အတွက်ရန်ကုန်အပါအဝင် တနိုင်ငံလုံးမီးပျက်ရတယ်” ဟု လျှပ်စစ်လုပ်သားတဦးက ပြောသည်။
အဆိုပါ LNG (VPOWER) (သင်္ဘောကြီး) မြန်မာနိုင်ငံမှ ပြန်ထွက်သွားသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး လျှပ်စစ်ဝယ်ယူမှုအကြောင်း သိရှိထားသူ တဦးက ယခုလို ပြောသည်။
“အစိုးရက ဂတ်စ်တန်ဖိုးနိင်ငံခြားငွေကို ဗဟိုဘဏ်ပေါက်ဈေးနဲ့ဖြတ်ပြီးတော့ တောင်းတယ်။ကုမ္ပဏီတွေကအစိုးရဆီကနေပြန်ရတဲ့ငွေကျတော့ မြန်မာငွေပြန်ရတော့ တန်ဖိုးက ဟသွားတယ်။ ဒီတော့ ကုမ္ပဏီတွေက ဘယ်လိုဖြစ်လာလည်းဆိုတော့ စက်မောင်းလေရှုံးလေဖြစ်နေတော့ ရပ်သွားတယ်။ ရပ်သွားရတော့ ရေအားတခုကိုပဲ အားကိုနေရတော့တာပေါ့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့က ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် “အမှောင်ထုမှ မြန်မာ့စွမ်းအင်ကဏ္ဍ စိန်ခေါ်မှုများ” အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှ စတင်ပြီးလျှပ်စစ်ဓာတ်အားကဏ္ဍ ကျဆင်းလာပြီး နိုင်ငံတဝန်းမှ စက်မှုဇုန်များသည် ဓာတ်အားမလုံလောက်ခြင်းနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းများကို ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

စာတည်း။ ။ နောင်နောင်