လွိုင်ကော်ထောင်တွင် အာဟာရမပြည့်ဝမှုနှင့် ကိုယ်လက်လှုပ်ရှားခွင့်မရခြင်းများကြောင့် အကျဉ်းသား ၅၀ ထက်မနည်း လမ်းမလျှောက်နိုင်ကြောင်း PPNM ပြော

ပုံအညွှန်း-လွိုင်ကော်အကျဉ်းထောင် ပုံဟောင်း

ဂျူချန်း
မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် အစာအာဟာရမပြည့်ဝခြင်းနှင့် ကိုယ်လက် လှုပ်ရှားခွင့် ကန့်သတ်ခံထားခြင်းတို့ကြောင့် အကျဉ်းသား ၅၀ ထက်မနည်း လမ်းမလျှောက်နိုင်ကာ အချို့ မှာ အောက်ပိုင်းသေသည်အထိ ဆိုးရွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက်(PPNM)ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
လမ်းမလျှောက်နိုင်သည့် အကျဉ်းသား ၅၀ ကျော်အနက် နိုင်ငံရေးအကျဉ်းသား ထက်ဝက်ကျော်ပါဝင်နေ ပြီး အရေအတွက်အတိအကျကို အတည်ပြုနိုင်ရန်ကြိုးစာနေဆဲဖြစ်ကြောင်း ဆိုသည်။ လွိုင်ကော်အကျဉ်း ထောင်တွင် အကျဉ်းသား ၄၀၀ ကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသား ၁၁၀ ကျော်ရှိကြောင်း PPNM ထံမှ သိရ သည်။
“လုံလောက်တဲ့ အစာအာဟာရ မစားရတဲ့အခါကျတော့ ခန္ဓာကိုယ် ချိနဲ့လာတာမျိုး၊ လမ်းမလျှောက်နိုင် တာမျိုးပေါ့နော်။ ထောင်အခေါ် တုတ်ဆွဲတယ်ပေါ့ အောက်ပိုင်းသေသလို လုံးဝကို လမ်းလျှောက်လို့ မရ တော့ဘဲ ပစ်လဲတာမျိုး၊ ဒီလိုဖြစ်တာ လူကြီးပဲလားဆိုတော့မဟုတ်ဘူး လူငယ်တွေလည်းပါတယ်။ ဒီလို ဖြစ်တာ ကျနော်တို့ကြားရသလောက် အနည်းဆုံး ၅၀ လောက်ရှိပါတယ်” ဟု ကိုသိုက်ထွန်းဦးကပြော သည်။
လွိုင်ကော်တွင် ၁၁၁၁ စစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလမှစတင်ကာ လွိုင်ကော်ထောင်တွင် ထောင်ဝင်စာပို့ရန်ခက်ခဲသွားပြီး စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများကလည်း အကျဉ်းသား များအား ပုံမှန်ကျွေးရန်သတ်မှတ်ထားသည့် ထမင်း၊ ပဲဟင်းနှင့် တပတ်စာ အသားဟင်းလေးတုံးကို မကျွေးနိုင်တော့ဘဲ ထမင်း၊ ငါးပိနှင့် ဆားကြမ်းများဖြင့်သာ ခြောက်လခန့်ကျွေးထားသဖြင့် အကျဉ်းသား များမှာ လုံလောက်သည့် အစာအာဟာရ မရရှိကြကြောင်း PPNM က ပြောသည်။
စစ်ဆင်ရေးမစတင်ခင်ကာလကတည်းကပင် ထောင်မှကျွေးသည့် ထမင်း၊ ဟင်းများသည် ကောင်းမွန်ခြင်း မရှိသောကြောင့် အကျဉ်းသားများမှာ ထောင်ဝင်စာကိုသာ မှီခိုအားထားနေရသည့်အခြေအနေဖြစ်ကာ လက်ရှိတွင် စစ်ဖြစ်နေသည့်ကာလဖြစ်၍ ထောင်ဝင်စာပေးပို့နိုင်ခြင်းမရှိကြတော့သဖြင့် ပိုမိုခက်ခဲသွား ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းအပြင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းများနှင့် အကျဉ်းထောင်အတွင်း နေရာယူ တပ်စွဲထားသည့် စစ်ကောင်စီတပ်က အကျဉ်းသားများအား အစာအာဟာရ လုံလောက်စွာကျွေးမွေးခြင်း မရှိသည့်အပြင် စစ်ပွဲကာလအကြောင်းပြကာ ကိုယ်လက်လှုပ်ရှားခွင့် ကန့်သတ်ထားသည်မှာ ခြောက်လ ခန့်ကြာမြင့်ပြီဖြစ်သောကြောင့် အကျဉ်းသား ၅၀ ထက်မနည်း လမ်းမလျှောက်နိုင်ကာ အချို့မှာ အောက် ပိုင်းသေသည်အထိဆိုးရွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။
“စစ်ရေးကာလဆိုတော့ လေ့ကျင့်ခန်းလုပ်တာတောင်မှ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ပုံစံဖြစ်နေတယ်။ သူတို့တွေ လုံးဝလက်မခံဘူး။ ပြီးတော့ အပြင်ထွက်ချိန်တွေက ကန့်သတ်ထားတာ။ စစ်ဖြစ်နေတဲ့အချိန် မှာ သူတို့ရှိနေတဲ့အချိန် ထွက်ပြေးတာမျိုးတွေဖြစ်မှာစိုးတဲ့အတွက် အခန်းတွေထဲမှာပဲ နေရတဲ့အချိန် တန်းပိတ်ထားချိန်ပေါ့နော် အဲ့ဒါကပိုများတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
အကျဉ်းထောင်အတွင်း ဆေးဝါးနှင့် စားနပ်ရိက္ခာပြတ်လပ်နေပြီး တိုက်ပွဲကာလအတွင်း အရေးပေါ်အခြေ အနေများ၌ အကျဉ်းသားများအား အခန်းအသီးသီးတွင်ပိတ်လှောင်ထားကြောင်း ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) ဒုတိယ ဥက္ကဋ္ဌ ကိုဇင်လင်းထက်က မဇ္ဈိမကိုပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလကတည်းက ပြောကြားထားသည်။
လွိုင်ကော်အကျဉ်းထောင်အတွင်းတွင် အစားအသောက်ပြတ်လပ်မှုကြောင့် အစာအာဟာရ လုံလောက် စွာမရရှိမှုအချိန်ကြာမြင့်လာပါက လက်ရှိ အာဟာရပြတ်လပ်နေသူများသည် အချိန်မရွေး သေဆုံးသွား နိုင်သည့် အန္တရာယ်နှင့်ပင် ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် လွိုင်ကော်ထောင်အရေးကို မေ့မထား ကြဘဲ အာရုံစိုက်ဆောင်ရွက်ပေးရန် အထူးလိုအပ်ကြောင်းလည်း PPNM က တိုက်တွန်းသည်။
၁၁၁၁ စစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်ကာ လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန် ခဲ့ပြီး မြို့ခံအများစု နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်။ လက်ရှိတွင် လွိုင်ကော်မြို့ပေါ်၌ တိုက်ပွဲများ ငြိမ်သက်နေသဖြင့် မြို့ခံအချို့ နေရပ်သို့ ပြန်လည်နေထိုင်ခြင်းများရှိနေသော်လည်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သဖြင့် ပြန်လည်နေထိုင်ရန် မသင့်တော်သေးကြောင်း စစ်ဘေးရှောင်ကူညီနေသူတဦး က ပြောသည်။
လွိုင်ကော်မြို့တွင်းတိုက်ပွဲစတင်ချိန်မှစပြီး စစ်ကောင်စီတပ်သားနှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများသည် အကျဉ်းထောင်ကို ခံတပ်သဖွယ်အသုံးပြုနေသကဲ့သို့ အကျဉ်းသားများကို တိုက်ပွဲအတွင်း လူသားဒိုင်း အဖြစ်အသုံးပြုခြင်းများရှိလာနိုင်ကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ