ဘုတလင်မြို့နယ် ပကဖ၏ ထုတ်လုပ်ရေးစခန်း စီးနင်းခံရ ရဲဘော်ကျဆုံး

ဘုတလင်မြို့နယ် ပကဖ၏ ထုတ်လုပ်ရေးစခန်း စီးနင်းခံရ ရဲဘော်ကျဆုံး

လွှမ်းမိုး (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ယုန်လှေးကုန်းကျေးရွာ အနီးရှိ တိုက်နယ်(၈) ပကဖ ထုတ်လုပ်ရေးစခန်းငယ် တခုကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၅ ရက် နံနက် ၅ နာရီအချိန်တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်တဦးကျဆုံးခဲ့ကြောင်း ကာကွယ်ရေး ရဲဘော် ကိုပျံလွှားက ပြောသည်။
“ စစ်ကောင်စီတပ်က ခန့်မှန်းစစ်အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်တယ်ဗျ။ ထုတ်လုပ်ရေး စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ပြီးမှ ဝင်တာ ဖြစ်ပါတယ်။ ဖုန်းကျန်ခဲ့လို့ ပြန်အယူမှာ လက်နက်ကြီးအစ ထိမှန်ပြီး ရဲဘော်တဦး ကျဆုံးခဲ့တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ စခန်းစီးနင်းခံရပြီးနောက် စစ်ကောင်စီတပ်က ဆိုင်ကယ် ငါးစီး နှင့် အဆောက်အဦ တချို့ကို ဖျက်ဆီးမီးရှို့ခဲ့ပြီး ဘုတလင်မြို့ပေါ်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယင်းဖြစ်စဉ်အတွင်း ကျဆုံးသွားသည့် ရဲဘော်၏ စျာပနကို ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ပြီး ၊ ကျန်ရှိရဲဘော်များက တမိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ၊ ယမန်နေ့တွင်လည်း စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


စာတည်း – သန့်ဇော်(သန်လျင်)