နိုင်ဂျာ၌ တရုတ်၏ ရည်မှန်းချက်၊ မဟာဗျူဟာ ပဟေဠိကို ဖွင့်လှစ်ခြင်း

PML Daily

အာဖရိက၌ ဒုတိယစစ်အခြေစိုက်စခန်း တည်ဆောက်ရေးအတွက် နိုင်ဂျာနိုင်ငံ၌ တရုတ်သည် မျက်နှာပန်းလှနေပြီး နိုင်ဂျာ၌ တည်ရှိရေးအတွက် ရုန်းကန်နေရသည့် အမေရိကန်ထက် နှာတဖျားသာနေသည်။ မဟာဗျူဟာ ပေါင်းစည်းမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဖြစ်နိုင်သော မိတ်ဖက်အဖြစ် နိုင်ဂျာ၌ တရုတ်၏ စစ်မှန်သော အကျိုးစီးပွားကို အတိတ်က ဖြစ်ထွန်းမှုများကလည်း ထပ်ဟပ်ပြနေသည်။

နိုင်ဂျာတွင် အမေရိကန်က ၎င်း၏ စစ်ရေး စစ်ဆင်ရေးများကို ၂၀၂၄ မတ်လ၌ မဖြစ်မနေ ရပ်တန့်ခဲ့ရသည်။ ဆာဟာရကန္တရာအတွင်းက ကုန်းတွင်းပိတ် အနောက်အာဖရိက နိုင်ဂျာနိုင်ငံသည် အမေရိကန်အတွက် အဓိက မဟာမိတ်အဖြစ် တိုက်ရိုက် ရှုမြင်နိုင်ကောင်းမှ ရှုမြင်နိုင်မည် ဖြစ်သော်လည်း ဒေသတွင်း အကြမ်းဖက်ဝါဒအား တုံ့ပြန်ရာ၌ အမေရိကန်စစ်တပ်အတွက် အရေးပါသော နယ်မြေအဖြစ် သေချာရှိနေသည်။ နိုင်ဂျာ၏ အာဏာသိမ်းစစ်အစိုးရသစ်သည် အမေရိကန်စစ်တပ် တည်ရှိခြင်းက နိုင်ဂျာ၏ ဖွဲ့စည်းပုံဥပဒေကို ချိုးဖောက်လျက် ရှိသည်ဟု မကြာသေးခင်က ကြေညာခဲ့သည်။ စစ်တပ်ဒရုန်းစခန်းနှစ်ခု အပါအဝင် အမေရိကန်၏ တည်ရှိမှု အနာဂတ်က မရေရာဘဲ ရှိနေတော့သည်။

တရုတ်အတွက်မူ နိုင်ဂျာက အာဏာရှင်အစိုးရအား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာ ပေါင်းစည်းမှုအတွက် ပို၍ ယုံကြည်စိတ်ချရသော မိတ်ဖက်များအဖြစ် ရှုမြင်၍ ချိတ်ဆက်အဆက်အဆံအတွက် ဆန္ဒရှိကြောင်းကို ပြသထားသည်။ ယင်းသည် ဒီမိုကရက်တစ် အုပ်ချုပ်မှုနှင့် လူ့အခွင့်အရေးတို့ကို ဦးစားပေးသော အနောက်အုပ်စုနိုင်ငံများနှင့် လုံးလုံးလျားလျား ဖီလာဆန့်ကျင်နေသည်။ နိုင်ဂျာတွင် အာဏာသိမ်းထားသော စစ်အစိုးရသည် တရုတ်အတွက်တော့ ၎င်း၏ ဩဇာ စုစည်းခိုင်မာရေးနှင့် နိုင်ငံအတွင်း ၎င်း၏ အကျိုးစီးပွားများ စိတ်ချရရေးအတွက် ဖြစ်တန်သော အခွင့်အလမ်းအဖြစ် ကိုယ်စားပြုနေသည်။

နိုင်ဂျာအား တရုတ်၏ ချည်းကပ်မှုမှာ အနောက်အုပ်စုများ ရုပ်သိမ်းခြင်းဖြင့် အာဏာလေဟာနယ် ဖြစ်ကျန်ခဲ့၍ ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေရသည့် အာဖဂန်နစ္စတန်ကဲ့သို့သော အခြ‌ားသာ ဒေသများက ၎င်း၏ မဟာဗျူဟာ နည်းတူအတိုင်းပဲ ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် စစ်အစိုးရအား တရုတ်က ထောက်ပံ့လျက် ရှိခြင်း ဖြစ်သည်။ အာဏာရှင် အစိုးရနှင့် နီးကပ်သော ဆက်ဆံရေး ပျိုးထောင်ခြင်းနှင့် စီးပွားရေး အကူအညီများနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများ ထောက်ပံ့ခြင်းတို့အားဖြင့် တရုတ်သည် မဟာဗျူဟာအရ အရေးကြီးသော နယ်မြေများ၌ ၎င်း၏ တည်ရှိမှုနှင့် ဩဇာကို မြှင့်တင်နိုင်ရေး ရည်ရွယ်သည်။

ဝင်ရောက် မစွက်ဖက်ရေးနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးတို့ကို တရုတ်က အသားပေးဆိုနေလင့်ကစား ၎င်း၏ ကြီးထွားလာသော စစ်စွမ်းရည်နှင့် ကမ္ဘာလုံးဆိုင်ရာ ခြေကုပ်ယူမှု ကျယ်ပြန့်လာခြင်းတို့က စိုးရိမ်ပူပန်မှုများကို မြင့်တက်စေသည်။ တရုတ်၏ ပိုင်နက်အငြင်းပွားမှုများတွင် ရန်စွယ်ငေါငေါ ရှိနေမှုများနှင့် မဟာဗျူဟာ တည်နေရာများတွင် စစ်အခြေစိုက်စခန်းများ တည်ဆောက်ခြင်းများက အနောက်အုပ်စုနှင့် ဒေသတွင်းနိုင်ငံများအတွက် တပ်လှန့်စရာ ဖြစ်နေသည်။

နိုင်ဂျာအရေးတွင်လည်း တရုတ်၏ အကျိုးစီးပွား စုစည်းခိုင်မာစေရေးနှင့် ဖြစ်တန်ရာသော စစ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ထည့်မတွက်ဘဲ ထားနိုင်မည် မဟုတ်ပေ။ နိုင်ဂျာ၏ ကြီးမားသော ပိုင်နက်နယ်မြေ၊ စိမ့်ဝင်နိုင်သော နယ်စပ်များနှင့်  ပြည်တွင်းလုံခြုံရေးစိန်ခေါ်မှုများက အာဖရိကတွင် တရုတ်၏ လုံခြုံရေး ရည်မှန်းချက်အတွက် ဆွဲဆောင်မှုရှိသော မိတ်ဖက်နိုင်ငံ ဖြစ်စေသည်။ အာမခံရှိသော စစ်ရေးသဘောတူညီချက်များနှင့်  နိုင်ဂျာတွင် ခြေကုပ်ယူနိုင်မှုတို့အားဖြင့် တရုတ်၏ ဒေသတွင်းက ၎င်း၏ ရင်းနှီးမြုပ်နှံမှုများ၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် စီမံကိန်းအင်အားများကို ကာကွယ်နိုင်သည့် စွမ်းဆောင်ရည် မြှင့်တင်နိုင်မည် ဖြစ်သည်။

သို့ရာတွင် နိုင်ဂျာ၌ တရုတ်၏ ရည်မှန်းချက်များသည် စိန်ခေါ်မှုများနှင့် ဘေးအန္တရာယ်များကတော့ မကင်းပေ။ အခြားသော ကမ္ဘာ့အင်အားနိုင်ငံများနှင့် ယှဉ်ပြိုင်မှုနှင့် နိုင်ငံခြား စစ်တပ် တည်ရှိမှုကို ဒေသတွင်း ခုခံတွန်းလှန်မှုတို့ အပါအဝင် အနောက်အာဖရိက၏ ရှုပ်ထွေးသော ပထဝီနိုင်ငံရေးက တရုတ်၏ မဟာဗျူဟာ ရည်မှန်းချက်များအတွက် အတားအဆီးများအအဖြစ် ရှိနေသည်။ ၎င်းပြင် ပြည်တွင်း အကွဲအပြဲများနှင့် လုံခြုံရေးခြိမ်းခြောက်မှုများအားဖြင့် နိုင်ဂျာနိုင်ငံ၏ မရေရာသော နိုင်ငံရေးလမ်းပြမြေပုံမှာလည်း နိုင်ငံအတွင်း တရုတ်၏ ရေရှည်အကျိုးစီးပွားများအတွက် ခြိမ်းခြောက်မှု ဖြစ်နေသည်။

စစ်အာဏာသိမ်းမှုနှင့် အိမ်နီးချင်း ဘီနင်နိုင်ငံနှင့် နယ်စပ်အငြင်းပွားမှုတို့ကြောင့် ဖြစ်သော မကြာသေးခင်က နိုင်ဂျာနိုင်ငံအတွင်း နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုသည် တရုတ်အတွက် နိုင်ငံ၏ မဟာဗျူဟာအရေးပါမှုကို မီးမောင်းထိုးပြလျက် ရှိသည်။ ဘီနင်နှင့် နိုင်ဂျာ၏ ကုန်းတွင်းနယ်စပ်အား ပိတ်ခြင်းနှင့် အကျိုးဆက်ဖြစ်သော ဘီနင်၏ ဒဏ်ခတ်ပိတ်ဆို့မှုတို့ကြောင့် ရေနံတင်ပို့ရန် တရုတ်၏ အစီအစဉ်များ ဖရိုဖရဲဖြစ်လျက် ရှိရာ နိုင်ငံရေး မတည်ငြိမ်မှု၌ ရင်းနှီးမြုပ်နှံခြင်း၏ အားနည်းချက်ပျော့ကွက်များကို လှစ်ဟပြသလျက် ရှိနေသည်။

ဘာကြောင့် နိုင်ဂျာက အလွန်အရေးပါသလဲ။

နိုင်ဂျာ၏ ပထဝီနိုင်ငံရေး အရေးပါမှုသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကြီးထွားလျက် ရှိသည်။ ဒေသတွင်း လက်နက်ကိုင် ဂျီဟတ်အုပ်စုများအား တိုက်ခိုက်ခြင်း၊ လစ်ဗျားတွင် နိုင်ငံတော် ပြိုလဲခြင်းနှင့် နိုင်ဂျာနှင့် ပြင်သစ်ကြားက အထူးဆက်ဆံရေး၏ အခရာတွင် ရှိသော ယခင် စီးပွားရေး ချိတ်ဆက်မှုအရ ဥရောပသို့ စည်းကမ်းမညီညွတ်သော ရွှေ့ပြောင်းဝင်ရောက်ခြင်းများကြောင့်ပဲ ဖြစ်သည်။

နိုင်ဂျာ၏ ပထဝီအနေအထားသည် မြောက်၊ အနောက်နှင့် ဗဟိုအာဖရိက လမ်းဆုံလမ်းခွတွင် ရှိပြီး တွင်းထွက်သတ္ထုနှင့် ရေနံ ရင်းမြစ်များ ရှိသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖွံ့ဖြိုးရေးအတွက် ဖြစ်တန်ခြေ ရှိနေကာ အားကောင်းသော လူဦးရေ ဖွံ့ဖြိုးမှုလည်း ရှိသည်။ ယင်းတို့က လက်ရှိ အကျပ်အတည်းအတွင်း အလယ်အလတ်နှင့် အကြီးစား အင်အားနိုင်ငံများ၏ အမြင်အားဖြင့် ပိုလွန်သော အကျိုးစီးပွားကို ညွှန်ပြလျက် ရှိနေသည်။

နိုင်ဂျာနိုင်ငံ၏ အရေးပါမှုသည် အရပ်ဘက်နျှင့် စစ်ဘက် ရည်ရွယ်ချက် နှစ်မျိုးစလုံးအတွက် မဟာဗျူဟာမြောက်သော ယူရေနီယံကြောင့်လည်း အဆများစွာ ကြီးထွားခဲ့သည်။ နိုင်ဂျာသည် လက်ရှိ၌ ကမ္ဘာပေါ်တွင် ခုနစ်နိုင်ငံမြောက် ယူရေနီယံ အများဆုံး ထုတ်လုပ်ရာဖြစ်ပြီး ကမ္ဘာ့ယူရေနီယံ ထွက်ရှိမှု၏ ငါးရာခိုင်နှုန်း ရှိသည်။ အမှန်စင်စစ်တွင် ယူရေနီယံအစား ကြီးမားသော ရေနံသိုက်များ ရှာဖွေတွေ့ရှိမှုက တရုတ်နိုင်ငံအား ဆွဲဆောင်နေသည်။

Carnegieendowment ဝက်ဘ်ဆိုက်က ဆောင်းပါးတပုဒ်အရ နေ့စဉ် စည်ပေါင်း ၂၀,၀၀၀ ဖြင့် ၂၀၁၁ ခုနှစ်မှ စတင်ကာ ရေနံထုတ်လုပ်ကြောင်း သိရသည်။ China National Petroleum Corporation CNPC က ရေနံ ထုတ်ယူပြီး နိုင်ဂျာ၏ အလယ်တောင်ပိုင်း ဇင်ဒါမြို့ဆီ ပိုက်လိုင်းဖြင့် ပေးပို့ကာ ယင်းတွင် ရေနံချက်လုပ်ခြင်း ဖြစ်သည်။ ရေနံချက်စက်ရုံ တည်ဆောက်ရေးတွင် နိုင်ဂျာက အခွင့်အရေး ရှိထားသဖြင့် ရေနံရင်းမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ တရုတ်က နိုင်ဂျာအစိုးရ၏ မဟာဗျူဟာမိတ်ဖက် ဖြစ်နေသည်။

ယခုနှစ် ဧပြီလလယ်တွင် CNPC သည် နိုင်ဂျာအစိုးရနှင့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အက်ဂါဒမ်ရေနံလုပ်ကွက်မှ ရေနံစိမ်းများအား ရောင်းချမှုနှင့် ဆက်စပ်သည့် အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ စာချုပ်ပဲ ဖြစ်သည်။ ၁၂ လတာကာလအတွင်း အတိုးနှုန်း ခုနစ်ရာခိုင်နှုန်းဖြင့် ရေနံဖြင့် ပြန်လည်ပေးဆပ်ရမည့် စာချုပ်အား နိုင်ဂျာစစ်အစိုးရက သဘောခဲ့ခြင်းပဲ ဖြစ်သည်။ “တရုတ်ဟာ နိုင်ဂျာအတွက် တကယ့်မိတ်ဆွေကောင်းပါ၊ ဒါကို ကျွန်တော်တို့ လုံလောက်အောင် ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ဘူး”ဟု လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ ဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အလီမဟာမန်လမိန်းဇင်းနီက ပြောသည်။ CNPC ၏ လက်အောက်ခံကုမ္ပဏီ PetroChina ကျောထောက်နောက်ခံသည့် ရေနံတင်ပို့သည့်ပိုက်လိုင်းစီမံကိန်းမှ ပိုက်လိုင်းသစ်ကို ပြီးခဲ့သည့် နိုဝင်ဘာက တရားဝင် ဖွင့်လှစ်ခဲ့သည်။ ယင်းပိုက်လိုင်းသည် အက်ဂါဒမ်ရေနံလုပ်ကွက်မှ အိမ်နီးချင်း ဘီနင်ရှိ ကိုတိုနော့ဆိပ်ကမ်းသို့ ဆက်သွယ်သည်။

ယခင်က အနောက်အာဖရိကနိုင်ငံ နိုင်ဂျာတွင် ပြည်တွင်းလောင်စာဈေးကွက်အား အများစုထောက်ပံ့သော တနေ့ စည်ပေါင်း ၂၀,၀၀၀ ဝန်းကျင် ချက်လုပ်နိုင်သည့် အသေးစား ရေနံချက်စက်ရုံတရုံသာ ရှိခဲ့သည်။ သို့ရာတွင် အိမ်နီးချင်း ဘီနင်နိုင်ငံက ဆိပ်ကမ်းကပ်ခွင့်ကို တားမြစ်သည့်အတွက် နိုင်ဂျာစစ်အစိုးရထံမှ မကြာသေးခင်က တရုတ်၏ ပထမဆုံး ရေနံစိမ်း တင်သွင်းမှုသည် ထိုးနှက်ခံရသည်။ ဆိပ်ကမ်းသို့ ရေနံတင်သင်္ဘော သုံးစင်း ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ CNPC သည် နိုင်ဂျာမှ ဘီနင်သို့ ရေနံစိမ်း တင်ပို့သည့် မိုင် ၁,၂၀၀ ရှည် ပိုက်လိုင်း တည်ဆောက်ခြင်း အပါအဝင် ရေနံလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားသည်။ အဆိုပါ ပိုက်လိုင်းမှ မေလအတွင်း တနေ့ စည်ပေါင်း ၉၀,၀၀၀ စတင် တင်ပို့ပြီး အပြည့်အဝ လည်ပတ်သည့်အခါ တနေ့ စည်ပေါင်း ၁၁၀,၀၀၀ တင်ပို့ရန် လျာထားသည်။

ယင်း သဘောတူညီချက်သည် စစ်တပ်က အာဏာသိမ်းသည့် ပြီးခဲ့သည့် ဇူလိုင်လက နိုင်ဂျာ၌ အာဏာသိမ်းမှုကြောင့် အမျှင်ပြတ်သွားပြီး ဘီနင်နှင့် နယ်စပ်ကို ပိတ်သဖြင့် ဘီနင်က တုံ့ပြန်ကာ နိုင်ဂျာအား  ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သည်။

နိုင်ဂျာတွင် တရုတ်၏ အကျိုးစီးပွား စုစည်းခိုင်မာစွာ တည်ဆောက်လင့်ကစား မကြာသေးခင်က ရေနံတင်ပို့မှု အမျှင်ပြတ်ခြင်းက နိုင်ငံရေး မတည်ငြိမ်မှုနှင့် ဒေသတွင်း ပဋိပက္ခများက စိန်ခေါ်မှုများအဖြစ် ရှိနေသည်ကို မီးမောင်းထိုးပြလျက် ရှိသည်။ တရုတ်အနေဖြင့် ရှုပ်ထွေးသော နိုင်ငံရေးအခင်းအကျင်းထဲ မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမလဲက မေးခွန်းကြီးတရပ် ဖြစ်နေသည်။ ကမ္ဘာ့အသိုင်းအဝိုင်းကတော့ တရုတ်နှင့် ၎င်း၏ ကစားကွက်အရွှေ့များကို အနီးကပ် စောင့်ကြည့်လျက် ရှိနေသည်။