တရုတ်ရဲများက စည်းမျဉ်းသစ်အရ စမတ်ဖုန်းများနှင့်လက်ပ်တော့များကို စစ်ဆေးတော့မည်

၂၀၂၀ ခုနှစ် ဇွန်လ ၄ ရက်က ပေကျင်းရှိ တီယန်နန်မင်ရင်ပြင်အဝင် လုံခြုံရေးဂိတ်တွင် နိုင်ငံခြားသားတဦး၏ နိုင်ငံကူးလက်မှတ်ကို ရဲအရာရှိက စစ်ဆေးနေစဉ်

The HK Post

တရုတ်သည် တရားဥပဒေစိုးမိုးရေးအာဏာများပိုင်များအား သက်သေများကို စစ်ဆေးစုဆောင်းရန် အခွင့်အာဏာများ ပိုပေးလျက် နေရပ်ပြန်တရုတ်နိုင်ငံသားများနှင့် နိုင်ငံသို့လာရောက်သော နိုင်ငံတကာခရီးသွားများကို အကျိုးသက်ရောက်စေမည့် စည်းမျဉ်းသစ်များကို ထုတ်ပြန်ကြေညာထားသည်။

ဇူလိုင် ၁ ရက်မှ စတင်အသက်ဝင်မည့် စည်းမျဉ်းသစ်အရ တရုတ်နိုင်ငံတော်ရဲတပ်ဖွဲ့သည် ရာဇဝတ်မှု သို့မဟုတ် တရားမဝင်သော လုပ်ရပ် ဟုတ် မဟုတ်ကို သိရှိရေးအတွက် အီလက်ထရွန်းနစ်အချက်အလက်များကို စုဆောင်းရန် ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားပြပြီး စမတ်ဖုန်း၊ လက်ပ်တော့နှင့် အခြားအရာများအပါအဝင် အီလက်ထရွန်းနစ်ပစ္စည်းများကို ရှာဖွေစစ်ဆေးနိုင်သည်။

ထိုအရွေ့သည်  မကြုံစဖူး အကျပ်အတည်းကို ရင်ဆိုင်နေရသော တရုတ်ကွန်မြူနစ်ပါတီ (CCP) အစိုးရ၏ တုံ့ပြန်မှုဟု ဝေဖန်သူများက ရှုမြင်ပြီး တရုတ်ပြည်သို့ ခရီးသွားလာခြင်း ရှောင်ကြဉ်ရန် လူများအား အကြံပြုထားသည်ဟု Epoch Times က ဖော်ပြသည်။

ထိုစည်းမျဉ်းသစ်သည် နိုင်ငံတော်လုံခြုံရေး ရှိစေရန်ဟူသော တရုတ်၏ နိုင်ငံတဝန်း လှုပ်ရှားမှု၏ တစိတ်တပိုင်းဟု RFA ကဆိုသည်။ နိုင်ငံတော်လုံခြုံရေးဟူသော စကားလုံးသည် အသေးစိတ် စီးပွားရေးအချက်အလက်နှင့် နိုင်ငံရေးသဘောထားကွဲလွဲမှုပါ ထည့်သွင်းစဉ်းစားသည့် တရုတ်အစိုးရ မကြာခဏအသုံးပြုသော အသုံးအနှုန်းဖြစ်သည်။

တရုတ်နိုင်ငံပိုင် သတင်းစာ Legal Daily က ရဲတပ်ဖွဲ့သည် စည်းမျဉ်းအသစ်များအရ အရေးပေါ်အခြေအနေများတွင် ၎င်းတို့အထောက်အထားကိုပြကာ အီလက်ထရွန်းနစ်ပစ္စည်းများကို တိုက်ရိုက်စစ်ဆေးနိုင်သော်လည်း အရေးပေါ်အခြေအနေ သို့မဟုတ် ၎င်း၏သတ်မှတ်ချက်ဘောင်များကို ရှင်းလင်းပြတ်သားစွာ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပါ။

ဧပြီလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ထိုကြေညာချက်တွင်  အာဏာပိုင်များအား မိုဘိုင်းလ်ဖုန်းမက်ဆေ့ခ်ျများ၊ အီးမေးလ်များ၊ စာတိုများနှင့် အုပ်စုဖွဲ့စကားပြောထားမှုများအပါအဝင် စာရွက်စာတမ်းများ၊ ရုပ်ပုံများ၊ အသံနှင့် ဗီဒီယို၊ အက်ပ်များနှင့် အီလက်ထရွန်းနစ်စက်ပစ္စည်းများမှ မှတ်တမ်းများအပါအဝင် စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်သည့် အီလက်ထရွန်းနစ်အချက်အလက်များ စုဆောင်းရန် အခွင့်အာဏာပေးထားသည်ဟု RFA ကဆိုသည်။

အီလက်ထရွန်းနစ်အချက်အလက်များ စုဆောင်းရယူခြင်းကို စုံစမ်းစစ်ဆေးသူ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော စုံစမ်းစစ်ဆေးသူများက ဆောင်ရွက်ရမည်ဟု အမိန့်အသစ်တွင် ဖော်ပြထားသည်။

စည်းမျဉ်းသစ်အရ ရဲတပ်ဖွဲ့သည် သံသယရှိသူ၏ အခြေခံအချက်အလက်များကို စိစစ်ရန် သက်သက်အတွက် စုံစမ်းစစ်ဆေးနိုင်ပြီး တရားမဝင် သို့မဟုတ် ရာဇဝတ်မှုကျူးလွန်ခြင်း ရှိ မရှိကိုပင် စစ်ဆေးနိုင်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။     

CCP ၏ အမြင့်ဆုံးပြည်တွင်းလေ့ကျင့်ရေးအဖွဲ့အစည်း Central Party School ၏ ဧပြီလ ၂၉ ရက်ထုတ် Study Times ဂျာနယ်တွင် တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီး ချန်းယိရှင်းက အဖျက်အမှောင့်၊ ဦးဆောင်မှု၊ ခွဲထွက်ရေး၊ အကြမ်းဖက်ဝါဒနှင့် သူလျှိုလုပ်ခြင်းတို့ကို တိုက်ဖျက်ရန် ဝန်ကြီးဌာနက အလေးထားသည်ဟုဆိုသည်။

ထိုစည်းမျဉ်းသစ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့်လုပ်ဆောင်သော လှုပ်ရှားမှုဖြစ်ကြောင်း ကနေဒါနိုင်ငံသား မိုက်ကယ်ကော့ဗ်ရစ်နှင့် မိုက်ကယ်စပါဗာတို့ကို တရုတ်နိုင်ငံတွင် လှုပ်ရှားနေသော ပြည်ပသူလျှိုများအဖြစ်ညွှန်းဆိုကာ တရုတ်နိုင်ငံပိုင်သတင်းစာ Global Times က ဖော်ပြခဲ့သည်။

“ဒီအစီအမံတွေဟာ ပြည်ပသတင်းအချက်အလက်တွေ အလုံးအရင်းဝင်လာတာကို တားဆီးမယ့် တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနရဲ့ လတ်တလော လှုပ်ရှားမှုနဲ့လည်း ကိုက်ညီတယ်လို့ထင်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းကို စစ်ခေတ်ယန္တရားဆီ တွန်းပို့ပြီး သီးသန့်စီမံချက်ပုံစံနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု အမေရိကန်အခြေစိုက် တရုတ်ရေးရာ ဝေဖန်သုံးသပ်သူ ထျန်ကျင်းယွမ်က Epoch Times သို့ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီသည် လူမှုလွတ်လပ်ခွင့်ကို တိုးမြှင့်ထိန်းချုပ်မှုမှတဆင့် အရပ်ဘက်လွတ်လပ်ခွင့်ကို ထပ်မံကန့်သတ်မှုများ ဖြစ်ပေါ်စေမည့် မကြုံစဖူးအကျပ်အတည်းတခုနှင့် ရင်ဆိုင်နေရသည်ဟု အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သည့် တရုတ်လူ့အခွင့်အရေးရှေ့နေ လိုင်ကျန်ပင်းက ယုံကြည်ထားသည်။

“ဒီစည်းမျဉ်းတွေက ပြည်သူတွေကြားမှာ မကျေမနပ်ဖြစ်မှုတွေပဲ ပိုများလာလိမ့်မယ်။ ဒါက တရုတ်အစိုးရရဲ့ ကိုယ်ပိုင်ဥပဒေတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပြင် ကုလသမဂ္ဂလူ့အခွင့်အရေး သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတာ လူတွေသိပါတယ်။ ဒီဆုံးဖြတ်ချက်တွေကို ဘယ်လိုတွန်းလှန်ရမလဲဆိုတာ တဦးချင်း မသိနိုင်ပေမယ့် သူတို့ရဲ့ စိတ်ပျက်မှုတွေက ပိုပြင်းထန်လာပြီး ပါတီရဲ့ တရားဝင်မှုကို ဆက်လက်ကျဆင်းသွားစေတယ်။” ဟု လိုင်ကျန်ပင်းက ပြောသည်။

ပေကျင်း၊ ရှန်ဟိုင်းနှင့် အခြားတရုတ်မြို့ကြီးများတွင် ရဲများသည် လမ်းများ သို့မဟုတ် မြေအောက်ရထားတွဲများတွင် လူများ၏ မိုဘိုင်းလ်ဖုန်းကို စစ်ဆေးသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း ပြသနေသည့် အစီရင်ခံမှုများစွာ ရှိနေသည်ဟု RFA က ဖော်ပြသည်။

၂၀၂၂ ခုနှစ် စက္ကူဖြူလှုပ်ရှားမှုပြီးနောက် ဒေသခံများ၏နေအိမ်များတွင် လုံခြုံရေးစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟုလည်း ဆိုသည်။  

တရုတ်အကောက်ခွန်ဌာနသည် လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက တရုတ်နိုင်ငံသို့ ဝင်ရောက်လာသူများ၏ အီလက်ထရွန်းနစ်ပစ္စည်းများကို ကြုံသလိုစစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို သတိပြုမိကြောင်းနှင့် မကြာသေးမီက CCP အစိုးရ၏ လှုပ်ရှားမှုသည် အုပ်ချုပ်ရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ထုံးလုပ်နည်းများကို ဥပဒေပြုခြင်းဖြင့် စံကိုက်ရန် ရည်ရွယ်ထားကြောင်း နိုင်ငံရေးဝေဖန်သုံးသပ်သူ ချန်းတောင်ရင်က ပြောသည်။

“တရုတ်အစိုးရ အကျပ်အတည်း ပိုတွေ့လေ ထိန်းချုပ်လိုတဲ့ ဆန္ဒ ပြင်းလေပဲ” ဟု ချန်းတောင်ရင်က VOA သို့ပြောကြားသည်။

ထို့ကြောင့် တရုတ်နိုင်ငံသား ခရီးသွားများအနေဖြင့် ပြည်တွင်းတွင်သုံးရန်အတွက် စမတ်ဖုန်းအသစ်များဝယ်ရန် ဝေဖန်သုံးသပ်သူက အကြံပြုထားပြီး WhatsApp မက်ဆေ့ချ်များသည် ပြန်ဖော်၍ရကြောင်း သတိပေးထားသည်ဟု VOA က ဖော်ပြသည်။