ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးရန် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် ရောက်ရှိ

ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးရန် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် ရောက်ရှိ

ကာလကြာ တန့်နေသည့် နေရပ်ပြန်ရေး အစီအစဉ်တရပ်၏ တစိတ်တဒေသအဖြစ် ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံရန် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ အောက်တိုဘာ ၃၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောသည်။

မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် ပြင်းထန်ကြမ်းကြုတ်သည့် ဖြိုခွင်းနှိမ်နင်းမှုတရပ်ကြောင့် ထွက်ပြေးခဲ့ကြရသူ အများစု အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် တသန်းခန့်သည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြလျက် ရှိသည်။

နိုင်ငံမဲ့၊ နှိပ်ကွပ်ခံ လူနည်းစုသည် လက်ရှိတွင် လူပြည့်သိပ်နေပြီး အန္တရာယ်များသည့် အရင်းအမြစ် လိုအပ်နေသော ဒုက္ခသည်စခန်းများ၌ နေထိုင်နေကြရပြီး ၎င်းတို့ မူလနေရပ်ပြန်ရေး ညှိနှိုင်းသည့် ယခင်ကြိုးပမ်းမှုတချို့ကလည်း မြန်မာဘက်နှင့် ရိုဟင်ဂျာ ဒုက္ခသည်များကိုယ်၌က ဝန်လေးနေခဲ့ခြင်းကြောင့် အထမမြောက် ဖြစ်ထားခဲ့သည်။

ရိုဟင်ဂျာ မိသားစုတချို့နှင့် တွေ့ဆုံရန် စစ်ကောင်စီ လက်အောက်ခံ မြန်မာတာဝန်ရှိသူများ အဖွဲ့တခုက ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနပ်မြို့ကို ရောက်ရှိခဲ့ကြောင်း သိရသည်။

“သူတို့ဟာ ဒီနေ့မှာပဲ ရိုဟင်ဂျာတွေနဲ့ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးပါလိမ့်မယ်။ ရိုဟင်ဂျာတွေရဲ့ အထောက်အထား လက္ခဏာတွေကို စိစစ်အတည်ပြုပါလိမ့်မယ်” ဟု ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်ဆိုင်ရာ လက်ထောက် ကော်မရှင်နာ ရှမ်ဆက်ဒ် ဒိုဇာက အေအက်ဖ်ပီကို ပြောသည်။

“ကိုယ်စားလှယ်အဖွဲ့က ဒီနေ့မှာ မြန်မာကို ပြန်မယ် ဆိုပေမယ့် မနက်ဖြန်ကျမှ သူတို့ ပြန်ပါလိမ့်မယ်”

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှင့် တရုတ်အကြား ဧပြီလက သုံးဦးသုံးဖလှယ် ဆွေးနွေးမှုတခုအတွင်း ညှိနှိုင်းခဲ့သည့် ရှေ့ပြေးစမ်းသပ် နေရပ်ပြန်မှု အစီအစဉ်တခု၏ တစိတ်တပိုင်းအဖြစ် ဒီဇင်ဘာလ နောက်ဆုံးထားလျက် ဒုက္ခသည် ၃,၀၀၀ ခန့်ကို ပြန်လည်ခေါ်ယူရန် မြန်မာစစ်ကောင်စီက စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောသည်။

“သူတို့က ပြန်လက်ခံဖို့ အသင့်ရှိနေတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေက ပြန်သွားဖို့ အသင့်မဖြစ်ကြသေးဘူး။ ဒါက စိန်ခေါ်မှုဖြစ်နေတယ်” ဟု အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတဦးက အေအက်ဖ်ပီကို ပြောသည်။

၎င်းတို့အနေဖြင့် နိုင်ငံသားအဖြစ် ခွင့်ပြုခံရပြီး ၎င်းတို့၏ ကိုယ်ပိုင်မြေပေါ်တွင် ပြန်လည်အခြေချနိုင်မှသာလျင် ပြန်သွားကြမည် ဖြစ်ကြောင်း ရိုဟင်ဂျာ အစုအဖွဲ့ ခေါင်းဆောင်များက ဤမတိုင်မီကတည်းက ပြောထားသည်။