ကမ္ဘာလုံခြုံရေး အစီအမံကို ပြောင်းလဲရန် တရုတ် ကြိုးပမ်းနေချိန်တွင် အာဆီယံနိုင်ငံများ အနေဖြင့် ဆိုက်ဘာလုံခြုံရေးကို ပိုမို အာရုံစိုက်သင့်

USIP

တရုတ်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) သည် နိုင်ငံတကာလုံခြုံရေး အစီအမံကို ပြောင်းလဲရန် တွန်းအားပေးမှု တခု ဖြစ်သည်။ GSI မှတဆင့် တရုတ်သည် အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် နှင့် ဗျူဟာမြောက် အရေးကြီးသော အချက်အလက်များ အတွက် လုံခြုံရေးစီမံခန့်ခွဲမှုကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းနေသည်။ GSI သည် ကနဦး အကောင်အထည်ဖော်ခြင်း အဆင့် တွင် ရှိနေသော်လည်း အရှေ့တောင်အာရှရှိ လက်ရှိလုံခြုံရေးမူဘောင်ကို အနှောင့်အယှက်ဖြစ်စေမည့် အလားအလာကို ပြသနေသည်။ ယင်းကြောင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွင် အချို့သော အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်ပြည်ထောင်စုနှင့် ခိုင်မာသော ဆက်နွယ်မှုများကြောင့် GSI နှင့် လိုက်လျောညီထွေရှိရန် နှင့် ကျန်အစိတ်အပိုင်းများတွင် သတိကြီးစွာထားနေရဆဲဖြစ်သည်။

GSI အစီအစဉ်အောင်မြင်ရန် တရုတ်၏ မျှော်လင့်ချက်

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် သည် ၂၀၂၂ တွင် GSI ကိုကြေငြာရာ၌ မျှဝေတာဝန်ယူမှု၊ အချုပ်အခြာအာဏာနှင့် ငြိမ်းချမ်းသော အငြင်းပွားမှု ဖြေရှင်းရေး အပါအ၀င် အခြေခံမူ ၆ ချက်ကို ဗဟိုပြုသော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစိန်ခေါ်မှုများကို ဖြေရှင်းရန် ပြီးပြည့်စုံသော မူဘောင်တခုအဖြစ် ဖော်ပြခဲ့သည်။

GSI ၏ အဓိကပန်းတိုင်များမှာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ထိန်းသိမ်းခြင်း၊ ဒေသတွင်း အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုကို တိုးမြှင့်ခြင်းနှင့် ဖြစ်လေ့ဖြစ်ထရှိသော ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲခြင်း နှင့် ဆိုက်ဘာလုံခြုံရေးစသည့် အမျိုးမျိုးသော စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းခြင်း တို့ ပါဝင်ကြောင်း တရုတ်က ဆိုသည်။

တရုတ်၏ GSI အတွက် စေ့ဆော်မှုသည် အိမ်နီးချင်းနိုင်ငံများအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှု ခံယူချက် လွှမ်းမိုးထားပြီး ရုရှား၏ ၂၀၂၂ ယူကရိန်း ကျူးကျော်မှု ဖြစ်ရပ်များ ကလည်း တွန်းအားပေးနေသည်။ တရုတ်သည် ခါးပတ်လမ်းစီမံကိန်း (Belt and Road Initiative) အပါအဝင် စီးပွားရေးနိုင်ငံ တည်ဆောက်ရန် နှင့် သံတမန်နည်းဗျူဟာများနှင့် လိုက်လျောညီထွေရှိသော စစ်ရေးမပါ‌သည့် နည်းဗျူဟာဖြင့် ဒေသတွင်း တည်ငြိမ်ရေးကို ရယူလိုသည်။

အရှေ့တောင်အာရှ နှင့် GSI

GSI အတွက် ဂရုစိုက် ထည့်သွင်းစဉ်းစားရန်နှင့် ခွဲခြမ်းစိတ်ဖြာရန် သက်ရောက်မှုများစွာဖြင့် အာဆီယံနိုင်ငံများအတွင်း ဂယက်ရိုက်ခတ်နေပြီး ဆွေးနွေးငြင်းခုံမှုများ ဆက်လက် ရှိနေသည်။

ဥပမာအားဖြင့် GSI သည် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အချုပ်အခြာအာဏာ၊ ဝင်ရောက်မစွက်ဖက်ရေးနှင့် win-win ပူးပေါင်းဆောင်ရွက်မှုကဲ့သို့သော စံနှုန်းများနှင့် အခြေခံမူများကို မြှင့်တင်ပေး နိုင်သော်လည်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားသော အမေရိကန် ဦးဆောင်သည့် ဒေသတွင်း လုံခြုံရေးအစီအမံ တွင် စိန်ခေါ်မှုများ ရှိနေသည်။

ထို့ပြင် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ တောင်းဆိုမှုများ ကဲ့သို့ မဖြေရှင်းရသေးသော ပိုင်နက်အငြင်းပွားမှုများ၊ ဒေသတွင်းတွင် တရုတ်၏ နိုင်ငံရေးသြဇာတိုးလာမှုနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံအချို့တွင် သံသယစိတ်များ ဖြစ်ပေါ်စေသည်။

တောင်တရုတ်ပင်လယ် အခြေအနေမှာ စစ်အင်အား ပိုတိုးလာသည်နှင့်အမျှ တရုတ်သည် ၎င်း၏ လုပ်ဆောင်ချက်များ နှင့် အချုပ်အခြာအာဏာအတွက် တရားဝင်ဖြစ်စေရန် စွက်ဖက်မှု ကင်းသော အခြေခံမူကို ကိုးကား၍ GSI ကို တရားမျှတမှု အဖြစ် အသုံးပြုနိုင်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများက စိုးရိမ်ပူပန်ကြသည်။ ယင်းသည် တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို ရှုပ်ထွေးစေရုံသာမက တရုတ်က ၎င်း၏ အချုပ်အခြာအာဏာနှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားကို ကာကွယ်ရန် အစီအမံများ လိုအပ်သည်ဟု စောဒကတက်နေသော ဒေသတွင်းတွင် ပိုင်နက်အငြင်းပွားမှုများကို ဖြစ်လာစေနိုင်သည်။

ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်လုံခြုံရေးအတွက် တရုတ်၏မျှော်မှန်းချက်

GSI အဆိုပြုစာတမ်းသည် ဆိုက်ဘာလုံခြုံရေးအပါအဝင် “လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ငံတကာပလက်ဖောင်းများကို တည်ဆောက်ရန်” အဆိုပြုထားသည်။ တရုတ်သည် သတင်းအချက်အလက်လုံခြုံရေးနယ်ပယ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သင့်ကြောင်း၊ ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးတွင် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းများချမှတ်ခြင်းနှင့် နိုင်ငံတကာ ဒစ်ဂျစ်တယ် အသိုင်းအဝိုင်းအတွက် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်များကို အားကောင်းစေသင့်ကြောင်း ဖော်ပြထားသည်။

ဆိုက်ဘာလုံခြုံရေးအတွက် အဆိုပါပန်းတိုင်များသည် ၂၀၂၀ စက်တင်ဘာတွင် စတင်ခဲ့သော China’s Global Data Security Initiative (GDSI) တွင် ဖော်ပြခဲ့သည့် ရည်မှန်းချက်များကို ထင်ဟပ်နေသည်။ GDSI သည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) နယ်ပယ်တွင် သတင်းအချက်အလက် လုံခြုံရေးအတွက် နိုင်ငံတကာစံနှုန်းများနှင့် အဆင့်အတန်းကို သတ်မှတ်ရန်နှင့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မျှော်မှန်းချက်တခု ဖြစ်သည်။

GDSI ၏ အဓိက ရည်မှန်းချက် ၈ ခု အနက် အရေးကြီးဆုံးမှာ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို လုံခြုံစေရန် ဖြစ်သည်။ GDSI အခြေခံမူများသည် အရေးကြီးသော အခြေခံအဆောက်အဦများကို ထိခိုက်နိုင်သော သို့မဟုတ် သတင်းအချက်အလက် ခိုးယူမှုတွင် ပါဝင်နိုင်သော ICT လုပ်ဆောင်ချက်များကို ဆန့်ကျင်သည်။ အခြားနိုင်ငံများ၏ ပြင်းပြင်းထန်ထန် စောင့်ကြည့်ခြင်းများ အပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက် ချိုးဖောက်မှုများကို ပြတ်ပြတ်သားသား အရေးယူရန်လည်း အဆိုပြုထားသည်။ GDSI သည် ကုမ္ပဏီများအား နိုင်ငံများ၏ သတင်း အချက်အလက် ဆိုင်ရာ အချုပ်အခြာအာဏာ ပိုင်စိုးမှု ကို လေးစားလိုက်နာရန် နှင့် အိမ်ရှင်နိုင်ငံများ၏ ဥပဒေများကို လိုက်နာရန် တိုက်တွန်းထားသည်။ ထို့ပြင် အဆိုပါအချက်များသည် တရားရေးဆိုင်ရာလမ်းကြောင်းများနှင့် အကူအညီများမှ တဆင့် နိုင်ငံရပ်ခြားမှ သတင်းအချက်အလက် များ ဝင်ရောက်ခွင့်ကို ဥပဒေ အရ ထိန်းချုပ် ဆောင်ရွက်သင့်ကြောင်း အခိုင်အမာဆိုသည်။

တရုတ်၏ ရှေ့ပြေး အကောင်အထည်ဖော်မှု အရင်းမြစ်များကို ၎င်း ၏ ကိုယ်ပိုင် သတင်းအချက်အလက် လုံခြုံရေး ဥပဒေပြဋ္ဌာန်းချက်တွင် ကြည့်ရှုနိုင်သည်။ အဆိုပါဥပဒေသည် အများပြည်သူ လွတ်လပ်ခွင့် နှင့် တင်းကျပ်မှု ကို ဝေဖန် ခံနေရသည်။ ထို့ပြင် ၎င်း သည် တရုတ်အစိုးရအား သတင်း အချက်အလက် စုဆောင်းခြင်းနှင့် စည်းမျဥ်းစည်းကမ်းများတွင် ကျယ်ပြန့်သောအခွင့်အာဏာများ ပေးထားပြီး နိုင်ငံတွင်းရှိ သဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးအတိုက်အခံများကို နှိမ်နှင်းရာတွင် ဥပဒေမဲ့ လုပ်ရပ်များ လုပ်နိုင်ချေရှိပြီး စိုးရိမ်မှုများ ရှိနေသည်။

GDSI သည် မတူညီသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေပြီး အချို့နိုင်ငံများက ထောက်ခံ၍ အချို့မှာ တရုတ်၏ အရင်းခံရည်ရွယ်ချက်များနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။ GDSI မူဘောင်အောက်တွင် ပါဝင်သည့်နိုင်ငံများသည် ၎င်းတို့၏ သတင်းအချက်အလက် လုံခြုံရေး ကျင့်ထုံးများအကြောင်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ရခြင်း၊ တရုတ်အား အကဲဆတ်သော သတင်းအချက်အလက်များကို အသုံးပြုခွင့်ပေးရခြင်းနှင့် ဒေသတွင်း သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ တွင် သတင်းအချက်အလက် ချိုးဖောက်မှု နှင့် ခြုံရေးကို ထိခိုက်နိုင်ခြေများအပေါ် စိုးရိမ်မှုများ မြင့်တက်လာနိုင်သည်။

ထို့ပြင် သတင်းအချက်အလက် လုံခြုံရေးနှင့်ပတ်သက်သည့် နိုင်ငံတကာသဘောတူညီချက်များအပေါ် တရုတ်အား ဗီတိုအာဏာပေးထားသည့် GDSI ပြဋ္ဌာန်းချက်သည် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် အုပ်ချုပ်မှု အခင်းအကျင်းအပေါ် တရုတ်၏ သြဇာလွှမ်းမိုးနိုင်မှု အတွက် စိုးရိမ်မှုများ မြင့်တက်လာပြီး ၎င်း မှာ အဆိုပါ အရေးကြီးသောနယ်ပယ်၌ ရှိပြီးသား နိုင်ငံတကာအစီအမံ ကို လည်း ပြောင်းလဲစေနိုင်သည်။

GDSI သည် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် လုံခြုံရေးကို တိုးမြှင့်ခြင်းနှင့် လက်ခံထားသော သတင်းအချက်အလက် လုံခြုံရေးစံနှုန်းများကို ထိန်းသိမ်းခြင်း ကဲ့သို့သော အကျိုးကျေးဇူးများ ပေးဆောင်နိုင်သော်လည်း သိသာထင်ရှားသော အန္တရာယ်များလည်း ရှိနေသည်။ ၎င်း မှာ တရုတ်၏ မဟာဗျူဟာအသာစီးရရန် အမြတ်ထုတ်နိုင်ချေရှိမှု၊ သဘောထားကွဲလွဲမှုနှင့် ဝေဖန်မှုများကို နှိမ်နှင်းရန် အလွဲသုံးစားလုပ်မှုနှင့် ကမ္ဘာ့သတင်းအချက်အလက် စီမံခန့်ခွဲမှုနယ်ပယ်တွင် တရုတ်၏ အချိုးအစားမညီမျှသော သြဇာလွှမ်းမိုးမှု အစီအမံများ ပါဝင်သည်။

တရုတ်၏ သတင်းအချက်အလက် လုံခြုံရေးသည် အာဆီယံကို မည်သို့ ထိခိုက်စေနိုင်မည်နည်း။

GDSI ကို GSI ၏ အရေးကြီးသော အတိုင်းအတာအဖြစ် နားလည်ထားပါက တရုတ်သည် အာရပ်နိုင်ငံများအပါအဝင် ဗဟိုအာရှနိုင်ငံများအသင်းနှင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုများကဲ့သို့ပင် အရှေ့တောင်အာရှနှင့် ဆိုက်ဘာပူးပေါင်းဆောင်ရွက်မှု ပဏာမခြေလှမ်းတရပ်ကို ထူထောင်ရန် စတင်ခြင်းဖြစ်သည်။

GDSI မှတဆင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ယခင်ကထက် ပိုမိုအရေးကြီးသော ဆိုက်ဘာနယ်ပယ်တွင် တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေနိုင်သော်လည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများစွာလည်း ရှိနေသည်။ ဒေသတွင်းတွင် တရုတ် မှ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများ တိုးမြင့်လာနိုင်သည်။ တရုတ်ဟက်ကာများသည် အာဆီယံနိုင်ငံများတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများကို ပစ်မှတ်ထားနေပြီး ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးမြင့်လာနိုင်သည်။

ထို့အပြင် အာဆီယံနှင့် တရုတ်အကြား သတင်းအချက်အလက် မျှဝေမှု မြင့်မားလာခြင်းသည် သတင်းအချက်အလက် လုံခြုံရေး ချိုးဖောက်မှုနှင့် ပြင်ပဆိုက်ဘာတိုက်ခိုက်မှုများ အတွက် အားနည်းချက် တိုးလာနိုင်သည်။ ထို့ပြင် သတင်းအချက်အလက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ထူထောင်ခြင်းသည် လက်ရှိ နိုင်ငံတကာ ဒစ်ဂျစ်တယ် အသိုင်းအဝိုင်း တွင် အသုံးပြုနေသော ကမ္ဘာလုံးဆိုင်ရာ အလေ့အကျင့်စံနှုန်းများနှင့် မကိုက်ညီသည့် တရုတ်စံနှုန်းများဖြင့် လွှမ်းမိုးနိုင်သည်။

GSI နှင့် GDSI အစပျိုးမှုများမှတစ်ဆင့် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုသည် အာဆီယံအတွက် အမျိုးမျိုးသော သက်ရောက်မှုများရှိသည်။ GSI သည် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ပေးစွမ်းသော်လည်း ဒေသတွင်း လုံခြုံရေးကို အနှောင့်အယှက်ပေး၍ နယ်မြေပဋိပက္ခများ တိုးမြင့်လာနိုင်သည်။

လက်တွေ့ မြင်တွေ့ရနိုင်သည့် GSI ၏ မြင့်မားသော ရည်မှန်းချက် နှင့် ၎င်းကို သံတမန်ဆက်ဆံရေးတွင် ပိုမိုအရေးပါသော ဗဟိုအချက်အချာအဖြစ် မြှင့်တင်ရန် တရုတ်၏ ဆက်လက်ကြိုးပမ်းမှုများကြောင့် အာဆီယံနိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးနယ်ပယ် အပါအဝင် GSI နှင့် ပတ်သက်သည့် သဘောတူညီချက်များ နှင့် လုပ်ဆောင်ချက်များစွာတွင် ပါဝင်ရန် ၎င်း တို့၏ ကတိကဝတ်ကို တရုတ် က တွန်းအားပေးရန် မျှော်လင့်သင့်သည်။ ဆိုပါ သဘောတူညီချက် ကတိကဝတ်များ တွင် ပါဝင်သော ရှုပ်ထွေးမှုများကို စီမံခန့်ခွဲရန်နှင့် ပြောင်းလဲနေသော ကမ္ဘာ့ပထဝီနိုင်ငံရေး အခင်းအကျင်းတွင် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် နိုင်ငံခြားရေးမူဝါဒများကို သတိရှိရှိ ရွေးချယ်ရန် မရှိမဖြစ်လိုအပ်သည်။