နယ်စပ်ခြံစည်းရိုး အိန္ဒိယဘက်ကခတ်မည့်အစီအစဥ် ပွင့်လင်းမြင်သာမှုမရှိဟုဆို

နယ်စပ်ခြံစည်းရိုး အိန္ဒိယဘက်ကခတ်မည့်အစီအစဥ် ပွင့်လင်းမြင်သာမှုမရှိဟုဆို

မဏိပူရပြည်နယ်ဝန်ကြီးချုပ်နှင့် BRO အရာရှိများတွေ့ဆုံစဥ် ဓါတ်ပုံ – မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh တွစ်တာ

အိန္ဒိယ – မြန်မာနယ်စပ်ခြံစည်းရိုးခတ်ရန် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အစိုးရက ပြင်ဆင်နေပြီး ယင်းလုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှုမရှိကြောင်း နှစ်နိုင်ငံနယ်စပ်ဒေသရောက် မြန်မာလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

မြန်မာနိုင်ငံမှ တရားမဝင်ဝင်ရောက်သူများနှင့် မူးယစ်ဆေးဝါးမှောင်ခိုများတားဆီးရန်ဟုဆိုကာ နှစ်န်ိုင်ငံ နယ်စပ်တလျှောက် ကီလိုမီတာ ၇၀ (၄၃မိုင်ကျော်) ကို ထပ်မံကာရံသွားရန် ဗဟိုအစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုက်တွန်းထားကြောင်း
မဏိပူရပြည်နယ်ဝန်ကြီးချုပ် အင်န်ဘီရန်ဆင်းချ်က
စက်တင်ဘာလ ၂၄ရက်နေ့တွင် လူမှုကွန်ရက်၌ရေးသားခဲ့သည်။

ထိုအစီအစဉ်ကို မြန်မာ့နိုင်ငံရေးအင်အားစုများ၊ ဒေသခံများနှင့်အိန္ဒိယနိုင်ငံရောက်မြန်မာ့အရေးလှုပ်ရှားသူများက ဝေဖန်နေကြသည်။

“ခြံစည်းရိုးခတ်တယ်ဆိုတာက နှစ်ဖက်မြေတိုင်းပညာရှင်တွေကွင်းဆင်းပြီး အတည်ပြုရတာ။ အခုဟာက မဏိပူရပြည်နယ်အစိုးရကကြေညာထားတယ်။ သူတို့ ဗဟိုအစိုးရကသဘောတူလား၊ မြန်မာစစ်ကောင်စီက သဘောထားဘယ်လိုရှိတယ် ဆိုတာမသိရသေးဘူး။ နှစ်နိုင်ငံသဘောတူမှ လုပ်ငန်းစလို့ရမှာ။ အခုထိတော့ ဘာမှလုပ်တာမရှိသေးပါဘူး” ဟု လတ်တလော အခြေအနေတွင် လုံခြုံရေးအရ အမည်ထုတ်ဖော်ပြောဆိုခွင့်မပြုသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်က မဇ္စျိမ ကိုပြောသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့ဒေသခံတဦးကလည်း အိန္ဒိယအစိုးရသည် စစ်ကောင်စီကို နိုင်ငံရေးအရဆက်ဆံနေပြီး မြန်မာနိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ နယ်စပ်နယ်နမိတ်ကို ချဲ့ထွင်ရန် ကြိုးစားနေသည်ဟု ဝေဖန်သည်။

နယ်စပ်ခြံစည်းရိုးကို အိန္ဒိယဘက်မှ ကာမည့်အစီအစဉ်သည် မဏိပူရပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသည့် လူမျိုးရေးအဓိကရုဏ်းများကို ပြည်နယ်အစိုးရကမဖြေရှင်းနိုင်သဖြင့် နိုင်ငံရေးအရလှည့်ကွက်အဖြစ် အသုံးချခြင်းဟုအိန္ဒိယနိုင်ငံရောက်မြန်မာ့အရေးလှုပ်ရှားသည့်အဖွဲ့ဖြစ်သော India for Myanmar ဦးဆောင်သူတဦးက မှတ်ချက်ပြုပြောဆိုသည်။

“မဏိပူရပြည်နယ်အတွင်း ဖြစ်နေတဲ့ ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းနိုင်တာကို အတိုက်အခံတွေ ဝေဖန်တဲ့ပေါ် ရှောင်ချင်တဲ့ တခုတည်းသော အကြောင်းပြချက်နဲ့ လုပ်တာပါ” ၎င်းက ဆိုသည်။

မဏိပူရပြည်နယ်တွင် ကသည်းလူမျိုးများနှင့် ကူကီးလူမျိုးအပါအဝင်တောင်ပေါ်သားများကြား လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားနေသည်မှာ လေးလနီးပါးကြာမြင့်‌နေပြီဖြစ်သည်။

အိန္ဒိယနှင့် မြန်မာနယ်စပ်သည် ၁,၆၄၃ ကီလိုမီတာ( ၁,၀၂၀မိုင်ခန့်) နယ်နမိတ်ချင်းထိစပ်နေပြီး မဏိပူရပြည်နှင့် ကီလိုမီတာ ၄၀၀ခန့်(၂၄၉မိုင်ခန့်) ထိစပ်နေသည်။ နိုင်ငံတော်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖိနှိပ်မှုများနှင့် တိုက်ပွဲများကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ဒေသခံများသည် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးရုံး (UNOCHA) က ယခုနှစ် ဇန်နဝါရီလက စစ်တမ်းတခု ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံဘက်မှ အိန္ဒိယသို့ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်အရေအတွက် ၄၉,၀၀၀ ကျော် ရှိသည့်အနက် မဏိပူရပြည်နယ်တွင် ၆,၉၀၀ ကျော်နှင့်မီဇိုရမ်ပြည်နယ်တွင် ၃၈,၂၀၀ နီးပါးခိုလှုံ‌နေသည်ဟု ဖော်ပြထားသည်။