မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် CNF ထုတ်ပြန်

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်မတော်မှ ရဲဘော်များ

ကိုခင်မောင် (မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသော ညီနောင် မဟာမိတ် သုံးဖွဲ့၏ “၁ဝ၂၇ စစ်ဆင်ရေး”နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် ချင်းအမျိုးသားတပ်ဦး(CNF) က ယနေ့ အောက်တိုဘာလ ၃၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခြင်းသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက လိုလားတောင့်တနေသော နိုင်ငံရေးစနစ်ဖြင့် တိုင်းပြည်တည်ဆောက်ရန် နိုင်ငံရေးအခွင့်အခါကောင်းရရှိခြင်းပင်ဖြစ်ပြီး ထိုအခွင့်ထူးကို မိမိတို့ အနေဖြင့် အမိအရဆုပ်ကိုင်ပြီး စစ်ရေး ၊နိုင်ငံရေးတွင် ညီနောင် မဟာမိတ် သုံးဖွဲ့နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြပါရန် တိုက်တွန်းလိုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒီနွေဦးတော်လှန်ရေးကာလမှာ အခုလို ညီနောင်သုံးဖွဲ့အနေနဲ့ အဲဒီဒေသအတွင်းမှာ စစ်ဆင်ရေးအကြီးကြီးတွေ လုပ်ပြီးတော့ အောင်မြင်မှုတွေအလီလီရထားတာတွေ့ရတော့ ကျွန်တော်တို့အတွက် အင်မတန်မှ အားရှိတယ်။ ထောက်လည်းထောက်ခံတယ်၊ ကြိုဆိုတယ်၊ အဲဒီလိုပဲ ဆက်လက်ပြီးတော့ အောင်မြင်မှုတွေဆက်တိုက်ရပါစေလို့ပဲ ကျွန်တော်ဆန္ဒပြုချင်ပါတယ်။” ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

ထို့အပြင် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင် သုံး ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”တွင် ရန်သူ့တပ်စခန်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းပြီး အောင်ပွဲအလီလီရရှိမှုများအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ တိုက်ပွဲတိုင်း အောင်လံလွှင့်ထူနိုင်စေကြောင်း အလေးအနက် ဆန္ဒပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညီနောင် မဟာမိတ် သုံးဖွဲ့ ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်( MNTJP/MNDAA) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်( ULA/AA )တို့မှ ပြည်သူလူထု တရပ်လုံး လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ၊ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်ကာကွယ်နိုင်ရေး၊ မိမိနယ်မြေပိုမို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ဟန့်တားနိုင်ရေး၊ အွန်လိုင်း လောင်းကစား လိမ်လည်မှု ပပျောက်ရေးအတွက် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာမြောက်”၁၀၂၇စစ်ဆင်ရေး” ဖော်ဆောင်မှုအပေါ် ထောက်ခံကြိုဆိုပါကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း-သန့်ဇော်(သန်လျင်)