တနင်္သာရီနှင့် ပုလောမြို့တွင် စစ်ကောင်စီကဆန်သယ်ယူခွင့် ပိုတင်းကျပ်၊ ဒေသခံများ အခက်ကြုံ

တနင်္သာရီနှင့် ပုလောမြို့တွင် စစ်ကောင်စီကဆန်သယ်ယူခွင့် ပိုတင်းကျပ်၊ ဒေသခံများ အခက်ကြုံ

တနင်္သာရီဖက်မှာ ဒေသခံတွေ ဆန်သယ်ယူနေပုံ

ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီမြို့ရှိ ဗောဓီကမ်းတံတားစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က ခရီးသည်တင်ကားဖြင့် သယ်ဆောင်လာသည့် ဆန်အိတ်များကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ဆန်ရိက္ခာသယ်ယူခွင့်ကို ထပ်မံတင်းကျပ်လိုက်ကြောင်း ဒေသခံများထံမှ သိရ သည်။

တနင်္သာရီမြို့၊ ငါးမိုင်ရွာမှ ကားတစီးနှင့် သဘော့လိပ်ရွာမှကားတစီးသည် ဆန်အိတ် အများအပြားတင်လာသည်ဟု ဆိုကာ စစ်ဖက်ရေးရာလုံခြုံရေးတပ်က ဖမ်းလိုက်ခြင်းဟု သိရသည်။

“ဖမ်းခံရတဲ့ ဆန်ကား နှစ်စီးမှာ ဆန်အိတ် ၄၀ ကျော်ကိုတော့ သိမ်းဆည်းပြီး လူကိုတော့ ပြန်လွတ်ပေးလိုက်တယ်”ဟု ဒေသခံတဦးကပြော သည်။

တနင်္သာရီမြို့နယ်တွင် ယခင်ကလည်း မြို့ပေါ် မှ လွဲ၍ ကျေးရွာများကို ဆန်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို အကန့်သတ်ဖြင့်သာ သယ်ယူခွင့်ပြုထားရာမှ ယခုအခါ ပိုမိုတင်းကျပ်လိုက်ခြင်းဟု ဒေသခံများကပြောသည်။

“ဆန်ကားတွေ ဖမ်းမိပြီး အချိန်ကတည်းက ဆန်တင်ခွင့် ပိုပြီး တင်းကျပ်လာတယ်။ဘယ်ကားမှ တင်ခွင့် မပြုတော့ဘူး။ ရရင်တောင်မှ မှတ်ပုံတင် နံပါတ်၊ ဖုန်းနံပါတ် အတိအကျနဲ့ ပေးရတယ်”လို့ ဘန်ကြုတ်ကျေးရွာဒေသခံ အမျိုးသမီးတဦးက ပြော သည်။

ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက ပိုမိုတင်းကျပ်လိုက်သည့်အတွက် သကျက်တော၊ (၆) မိုင်၊ ဘန်လော၊ ဘန်လင်းနှင့် သမီးလှကျေးရွာတို့မှ ဒေသခံများ ဆန်ရရှိရေး အခက်ကြုံနေရကြောင်း သိရသည်။

အလာတူ ပုလောမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက အရပ်သားများကို ဆန်ရောင်းခွင့် ပိတ်ပင် ထားပြီး ၎င်းတို့ ကိုယ်တိုင် ဦးဆောင်ကာ အိမ်ထောင်စု တစုလျင် ဆန်သုံးပြည်နှုန်းဖြင့် ရောင်းချနေသည်ဟု သိရသည်။ ထို့ကြောင့် မိသားစုဦးရေများသည့် အိမ်ထောင်စုများသည် အခက်အခဲကြုံနေကြောင်း ဒေသခံများကပြော သည်။

တနင်္သာရီနှင့် ပုလောသည် တနင်္သာရီတ်ိုင်းအတွင်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များဖြစ်ပြီး တိုက်ပွဲများလည်း မကြာ ခဏ ဖြစ်ပွားနေသည်။

စာတည်း – အေးချမ်း