ပိတ်မိနေသည့် ရာနှင့်ချီ ယာဉ်တန်းအား ဖြတ်သန်းခွင့်ပြုရန် ကြိုးပမ်းနေဟု MNDAA ပြော

ပိတ်မိနေသည့် ရာနှင့်ချီ ယာဉ်တန်းအား ဖြတ်သန်းခွင့်ပြုရန် ကြိုးပမ်းနေဟု MNDAA ပြော

ပါစင်ကျော်ကျေးရွာတွင်ပိတ်မိနေကြသူများ

ရွှေနွယ် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ ပါစင်ကျော်ကျေးရွာတွင် ပိတ်မိနေသည့် လောက်ကိုင်မှတဆင့် နေရပ်ပြန်ကြသူတို့၏ ရာနှင့်ချီသည့် ယာဉ်တန်းအား ဖြတ်သန်းသွားလာခွင့်ရစေရန် ကြိုးပမ်းပေးနေကြောင်း MNDAA ၏ ပြောခွင့်ရသူ လီကျာဝင်းက မဇ္ဈိမကိုပြောသည်။

လောက်ကိုင်မြို့တွင် တင်းမာနေသောစစ်ရေးအခြေအနေများကြောင့် လုပ်ငန်းများရပ်ဆိုင်းထားသည့်အတွက် အခက်အခဲကြုံတွေ့၍ နေရပ်ပြန်ကြသူများနှင့် စစ်ရှောင်ရန် လောက်ကိုင်မှထွက်ခွာလာကြသူများသည် လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား ပါစင်ကျော်ရွာတွင် ပိတ်မိနေကြခြင်းဖြစ်သည်။

၎င်းတို့သည် နိုဝင်ဘာ ၄ ရက်နေ့ကပင် လောက်ကိုင်မြို့မှ ကား၊ ဆိုင်ကယ်တို့ဖြင့် ထွက်ခွာလာကြသူများဖြစ်ပြီး ပါစင်ကျော်အနီးတွင် ဆက်လက် ဖြတ်ကျော်ထွက်ခွာခွင့် မရရှိသည့်အတွက် ပိတ်မိနေကြခြင်းဖြစ်သည်။

ထိုသို့ပိတ်မိနေသူများ ဆက်လက်ထွက်ခွာခွင့်ရရှိနိုင်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) မှ ကြိုးပမ်းဆောင်ရွက်နေသည်ဟု လီကျာဝင်းက မဇ္ဈိမကိုပြောသည်။

“စစ်ကောင်စီနဲ့ ကိုးကန့်ရုပ်သေးအဖွဲ့တွေက အရပ်သားတွေကို ပြန်မရအောင်လမ်းတွေကို တူးဖော်ဖျက်ထားတာတွေရှိတယ်။ ကျွန်တော်တို့ MNDAA အနေနဲ့လည်း ဒီသတင်းကိုရရှိထားတာနဲ့ အလုပ်အမှုဆောင်အဖွဲ့ဖွဲ့ပြီး ဒီလူတွေဖြတ်သန်းသွားလာလို့ရအောင် တသုတ်ပြီး တသုတ် စီစဉ်နေပါတယ်နော်” ဟု MNDAA ပြောခွင့်ရသူ လီကျာဝင်းမှပြောသည်။

ပါစင်ကျော်ရွာသည် လောက်ကိုင်မြို့နှင့် လေးမိုင်ခန့်ကွာဝေးပြီး ပိတ်မိနေသူများသည် ရှေ့ဆက်တိုးခွင့်မရသည့်အပြင် လောက်ကိုင်မြို့သို့ ပြန်ဝင်ရောက်သည့်လမ်းတွင်လည်း စစ်ကောင်စီတပ်မှ လမ်းဖြတ်တောက်ထားပြီး ပြန်လှည့်သူများအား ဖမ်းဆီးနေသည်ဟု ပိတ်မိနေသူတဦးကပြောသည်။

“ရှေ့ကိုလည်းသွားလို့မရဘူး၊ နောက်ကိုလည်းပြန်ဆုတ်လို့မရဘူးအခု။ နောက်ပြန်လှည့်ရင်လည်း ဖမ်းတယ်ဗျ။ ရှေ့မှာလည်း မဟာမိတ်ပူးပေါင်းတပ်က သစ်ပင်တွေလှဲပြီးတော့ ပိတ်ထားတယ်။ ကားတွေနဲ့ကာပြီး လမ်းပိတ်ထားတယ်” ဟု ပိတ်မိနေသည့် နေရပ်ပြန်တဦးက ပြောသည်။

လက်ရှိတွင် ပါစင်ကျော်ရွာ၌ ပိတ်မိနေသည့် ယာဉ်အစီးရေမှာ ကားနှင့်ဆိုင်ကယ် စုစုပေါင်း ၃၀၀ ခန့်နှင့် လူဦးရေ ၁,၀၀၀ ခန့်ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

ပိတ်မိနေသူများသည် ဘေးပတ်လည်ရှိ ကြံခင်းများအား လမ်းဖောက်၍ သွားလာရန်ကြိုးပမ်းသော်လည်း ကြံခင်းပတ်လည်သို့ပါ စစ်ကောင်စီတပ်မှ ဝန်းရံပိတ်ဆို့ထားသည်ဟု ဆိုသည်။

” ချင်းရွှေဟော်ကနေ နမ့်တစ်၊ တန့်ယန်း၊ လားရှိုးဘက်ဆင်းကြဖို့ပါ။ အခု လမ်းမှာပိတ်မိနေတော့ အစားအသောက်ပြတ်တယ်။ ရေလည်းငတ်နေကြတယ်” ဟု ပိတ်မိနေသူမှ ယနေ့ ညနေပိုင်းတွင် မဇ္ဈိမကိုပြောသည်။

ထို့ပြင် ပိတ်မိနေသူအချို့မှ လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ပွဲရှောင်ပြည်သူများမှ အသနားခံစာဟူ၍ “စားစရာပြတ်လပ်နေ၍ အိပ်စရာနေရာလည်းမရှိတာ။ ယနေ့ ၇ ရက်နေ့ဆို သုံးရက်တိတိရှိနေပြီမို့ အစာရေစာပြတ်လပ်၍ အသက်အန္တရာယ်စိုးရိမ်စရာဖြစ်လာ၍ ထိုဒုက္ခသည်တွေကို နှစ်ဘက်အဖွဲ့စည်းများအနေနဲ့ ဘယ်လို လမ်းကြောင်းများ ဖွင့်ပေးမလဲဆိုတာ စဥ်းစားပေးကြပါရန် မေတ္တာဖြင့်တိုက်တွန်းအပ်ပါသည်။ အထဲမှာ ကလေးသူငယ်တွေလည်း အများကြီးပါနေပါတယ်” ဟု ရေးသားမျှဝေထားကြသည်ကိုတွေ့ရသည်။

ထို့ပြင် လောက်ကိုင်မှ ထွက်ခွာလာရန် ကြိုးပမ်းနေကြသူများအနေဖြင့်လည်း လမ်းခရီးတွင် အခက်အခဲများစွာကြုံတွေ့နေရသဖြင့် ထွက်ခွာမလာကြသေးရန် ပိတ်မိနေသူများမှ အသိပေးစကားဆိုသည်။

လက်တလောတွင် လောက်ကိုင်မြို့နှင့် ပတ်ဝန်းကျင်၌ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိသည့်အတွက် ပိတ်မိနေသူများအနေဖြင့် တရုတ်ဖုန်းကတ်မှတဆင့်သာ အင်တာနက်အသုံးပြုနေရပြီး ဆက်သွယ်ရေးအခက်အခဲလည်း ကြုံတွေ့နေကြရကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)