မြောက်ဦးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို AA ဖမ်းဆီး

မြောက်ဦးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို AA ဖမ်းဆီး

မိုးသောက် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက မဇ္ဈိမကို အတည်ပြုသည်။

“မြောက်ဦးမှာတော့ ရဲတပ်ဖွဲ့ဝင်အချို့ကို ကျနော်တို့ ခဏလေး ထိန်းသိမ်းပြီးတော့ စစ်ဆေးနေတာရှိတယ်“ ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခကို မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက ကနဦး စုံစမ်းရရှိသည့် သတင်းများအရ ရာထူးအဆင့် မသိရသေးသော ယာဉ်ထိန်းရဲ ခြောက်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသော်လည်း ဦးခိုင်သုခကမှု ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင် အရေအတွက်ကို တိတိကျကျ မသိရသေးကြောင်း ပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ နှုတ်အားဖြင့် နှစ်ဘက်အပစ်ရပ်ပြီး ၁ နှစ် နီးပါးအကြာတွင် မြောက်ဦးမြို့ပေါ်က ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိမှာ မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား နှစ်ဘက်အခြေအနေ တင်းမာနေကြောင်းလည်း မြို့ခံများက ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လူသားချင်းစာနာထောက်မှု အကူအညီများပေးအပ်ရန်ဟုဆိုကာ နှုတ်အားဖြင့် ယာယီအပစ်ရပ်စဲခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိမှာ ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီဘက်က လက်နက်ခဲယမ်းနှင့် ရိက္ခာများဖြည့် တင်းကာ စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ် ပြုလုပ်လာခြင်းကြောင့် တိုက်ပွဲများ ပြန်ဖြစ်မည်ကို စိုးရိမ်၍ ဒေသခံအချို့ နေရပ်တိမ်းရှောင်နေကြကြောင်း ရခိုင်အခြေစိုက် သတင်းဌာနများက ရေးသားသည်။

ရက္ခိုင့်တပ်တော် (AA) ပါဝင်သော မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ကာ “Operation 1027” စစ်ဆင်ရေးကို ဆင်နွှဲနေကြပြီး ဒါဇင်နှင့်ချီသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ထားသည်။

စာတည်း။ ။ နောင်နောင်