မြပုလဲဂိတ်စခန်း စီနင်းတိုက်ခိုက်မီးရှို့ခံရသဖြင့် ချောင်းဦးမြို့တွင် စစ်ကောင်စီတပ် ရမ်းကားနေဟုဆို

မြပုလဲဂိတ်စခန်း စီနင်းတိုက်ခိုက်မီးရှို့ခံရသဖြင့် ချောင်းဦးမြို့တွင် စစ်ကောင်စီတပ် ရမ်းကားနေဟုဆို

စစ်ကောင်စီ၏မြပုလဲဂိတ်စခန်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နေစဉ် (Photo – မြို့နယ်ပကဖ(ချောင်းဦး))

007 (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်က မြပုလဲဂိတ် စခန်း စီးနင်းတိုက်ခိုက်မီးရှို့ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က မြို့ အတွင်း ရမ်းကားနေကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၆ ရက် ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့အနှံ့နေရာယူထားသည့် စစ်ကောင်စီ၏ တပ်သားများက သေနတ်များရမ်းသန်းပစ်ဖောက်ခြောက်လှန့်ခြင်း၊ မြို့နေပြည်သူလူထုကို အကြောင်းမဲ့ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခု ချောင်းဦးအခြေအနေက တနေကုန် သေနတ်သံတွေ ဆူညံနေတာပဲ။ တိုက်ပွဲမရှိဘူး ခြောက်ပစ် ပစ်နေကြတာ။ လူဖမ်းတာကတော့ မထင်ရင်မထင်သလို ကောက်ဖမ်းသွားတာပဲ၊ လက်ဖက်ရည်ဆိုင်ထဲ အထိဝင်ဖမ်းတာ” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

“ဘေးအိမ်ကတယောက် ပါသွားတယ်၊ အခုထိ မိသားစုနဲ့အဆက်အသွယ်မရလို့ မအေကြီးခမျာ ငိုယိုနေ တယ်။ ပြန်လွှတ်ပေးမှာမဟုတ်ဘူး။ ပေါ်တာဆွဲခံရတာလို့ သတင်းထွက်နေတော့ မိသားစုဝင်တွေ အရမ်း ကြောက်လန့်နေကြတယ်။ ဒီနေ့လည်း တနေကုန်သောင်းကျန်းပြီး လူဖမ်းတယ်။ နှစ်ရက်အတွင်း ၁၅ ယောက် အနည်းဆုံးရှိမယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံကပြောသည်။

နှစ်ရက်အတွင်း မြို့ခံ ၁၅ ဦးထက်မနည်းအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းသတင်းများဖော်ပြပေးနေသည့် Khin Mon Revolution 1.0 ကလည်း အတည်ပြုထားသည်။

လက်ရှိ ချောင်းဦးမြို့အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် အဖွဲ့အစည်းအချို့ထံဆက်သွယ်ထား သော် လည်း အဆက်အသွယ် မရသေးပေ။

ချောင်းဦးမြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာ မုံရွာ-မန္တလေးလမ်းဘေးရှိ အမှတ်(၉၀၉)စစ်မြေပြင် အင်ဂျင် နီယာတပ်မှ ဗိုလ်ကြီးအောင်သူရ ဦးစီးသော အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်ကို မုံရွာခရိုင် အမှတ်(၆) တပ်ရင်း၊ ချောင်းဦးမြို့နယ် ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့(CHUPDF) ၊ KG(II) ၊ Immortal Guerrilla Force (IGF Monywa) ၊ မုံရွာခရိုင်ဒရုန်းအဖွဲ့၊ မြင်းခြံခရိုင်ဒရုန်းအဖွဲ့နှင့် BGF ပူးပေါင်းအင်အား ၈၀ ခန့်ကဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးခန့်ကျဆုံးပြီးနောက် ခုခံခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့သဖြင့် စခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။

စာတည်း။ ။စောဖေ