ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်စံချိန်နဲ့ တူညီတဲ့ အလွန်ဆိုရဲ့ လေဗာကူဆင်

ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်စံချိန်နဲ့ တူညီတဲ့ အလွန်ဆိုရဲ့ လေဗာကူဆင်

(BBC) Photo: EPA

By PKThawn လေဗာကူဆင်ဟာ ယူနီယံဘာလင်ကို ၄-၀ ဂိုးဖြင့် အိမ်ကွင်းနိုင်ပွဲနဲ့အတူ ဘွန်ဒက်လီဂါရဲ့ ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဇာဘီအလွန်ဆိုရဲ့ အသင်းဟာ ဒီရာသီမှာ ဖြစ်နိုင်ချေ ၃၃ မှတ်ထဲကနေ ၃၁ မှတ်အထိ ရယူထားနိုင်ခဲ့ပြီး ၂၀၁၅-၁၆ ရာသီမှာ ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်အသင်းတင်ထားတဲ့ စံချိန်နဲ့ တူညီခဲ့ပါတယ်။

လေဗာကူဆင်တို့ဟာ ဇယားထိပ်ဆုံးမှာ ဘိုင်ယန်မြူးနစ်နေရာကို ရယူခဲ့ဖို့ အဲလက်စ် ဂရီမာလ်ဒို၊ အိုဒီလွန် ကိုဆိုဆူနို၊ ဂျိုနသန်တာနဲ့ နာသန်တယ်လာတို့က သွင်းယူပေးခဲ့ပါတယ်။

“အခုအချိန်မှာ ခံစားချက်က အရမ်းကောင်းပါတယ်။”လို့ စပိန်နဲ့ လီဗာပူးကွင်းလယ်လူဟောင်း အလွန်ဆိုက ပြောပါတယ်။

“ကျနော်တို့ဟာ ရှင်းရှင်းလင်းလင်းနဲ့ အာရုံစူးစိုက်မှုတွေ အများကြီးနဲ့ ကစားခဲ့ကြပါတယ်။ ဒါပေမယ့် ပွဲတွေ အများကြီး ကျန်နေသေးပါတယ်။ ဘောလုံးမှာ အများကြီး ဖြစ်လာနိုင်ပြီး မျှော်လင့်ချက်တွေ အားလုံးရုတ်တရက် ပျောက်ကွယ်သွားတတ်ပါတယ်။”

လေဗာကူဆင်ဟာ နောက်ဆုံး ၁၂ ပွဲဆက်တိုက် နိုင်ပွဲရမှုအပါအဝင် ဒီနှစ်ရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၁၇ ပွဲမှာ ၁၆ ပွဲအနိုင်ရထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ လေဗာကူဆင်အသင်း ရှစ်ပွဲကစားအပြီး အမှတ်ပေးဇယားအောက်ဆုံးမှ ဒုတိယနေရာမှာ ရပ်တည်ခဲ့ချိန် အလွန်ဆိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။

သူတို့ဟာ အဲဒီရာသီကို အဆင့် ၆ နဲ့ အဆုံးသတ်ပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။

အလွန်ဆိုရဲ့ တခုတည်းသော ယခင်မန်နေဂျာအတွေ့အကြုံမှာ ရီးယဲလ်ဆိုစီဒက်ရဲ့ B အသင်းကို သုံးနှစ်ကြာ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၇ မှာ ကစားသမားဘဝမှ အနားယူခဲ့တာဖြစ်ပါတယ်။

ချန်ပီယံ ဘိုင်ယန်မြူးနစ်ဟာ စနေနေ့က ဟိုင်ဒင်ဟိမ်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိမှုနဲ့အတူ ဇယားထိပ်သို့ တက်လာခဲ့ပါတယ်။

ယူနီယံဘာလင်ဟာ ကလပ်စံချိန်တင် ၉ ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက် ဂိုးကွာခြားချက်ဖြင့် အောက်ဆုံးမှာ ရှိနေပါတယ်။