နေအိမ်မီးရှို့ခံရသော ဂန့်ဂေါဒေသခံ ၃,၀၀၀ ကျော်အတွက် ယာယီတဲဆောက်လုပ်ရန် မိုးကာများ လိုအပ်

ပုံအညွှန်း။ ။ဂန့်ဂေါမြို့နယ် ၊ ရွှေဘိုရွာ လူနေအိမ်များမီးရှို့ခံရသည့်မြင်ကွင်း (ဓာတ်ပုံ။ ။ ကိုဘကောင်း)

ပုံအညွှန်း။ ။ဂန့်ဂေါမြို့နယ် ၊ ရွှေဘိုရွာ လူနေအိမ်များမီးရှို့ခံရသည့်မြင်ကွင်း (ဓာတ်ပုံ။ ။ ကိုဘကောင်း)

ကိုခင်မောင်

(မဇ္စျိမ)။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ရေသာနှင့် ရွှေဘိုကျေးရွာမှ နေအိမ် ၃၀၀ နီးပါကို စစ်ကောင်စီစစ် ကြောင်းက မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံ ၃,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်လျက်ရှိရာ ယာယီတဲတန်း များဆောက်လုပ်နိုင်ရန် မိုးကာများ အကူအညီလိုအပ်နေကြောင်း ဒေသခံများနှင့် ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မေလ ၁၆ ရက်နေ့က ရေသာနှင့် ရွှေဘိုကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့သဖြင့် နေအိမ် ၂၈၁ လုံး မီးလောင်ပြာကျခဲ့ပြီး မေလ ၁၇ ရက်တွင် ကျန်ရှိနေအိမ်များ မီးမကူးစက်စေရန်အတွက် ဂန့်ဂေါခရိုင် အမှတ်(၁/၁၂/၁၄)တပ်ရင်းမှ ရဲဘော်များ၊ (ပကဖ)ရဲဘော်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ်(ပအဖ) က သတင်းထုတ်ပြန်သည်။

နယ်မြေရှင်းလင်းမှု ဆောင်ရွက်ပြီးဖြစ်သော်လည်း စစ်ကောင်စီစစ်ကြောင်းများ ထပ်မံဝင်ရောက်လာနိုင် သည့်အတွက် ဒေသခံများမှာ နေရပ်မပြန်ဘဲ တိမ်းရှောင်လျက်ရှိသဖြင့် ယာယီတဲတန်းထိုးရန် တာလပတ် အကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ဂန့်ဂေါမြို့နယ်(ပအဖ)တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

“မိုးဦးကျကာလလည်း ဖြစ်တယ်၊ နေစရာမရှိတော့ဘူး၊ စားစရာမရှိတော့ဘူး။ နေအိမ်မီးရှို့ခံရတာဆိုတော့ အဝတ်အစားတွေကအစ လိုအပ်လာတယ်။ အဓိကတော့ ယာယီတည်းတန်းတွေထိုးဖို့ဆိုရင် မိုးကာ တာ လပတ်တွေ အရေးပေါ်လိုအပ်ပါတယ်။ အခြေခံဆေးဝါးတွေလည်း လိုအပ်လျက်ရှိပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ရွှေဘိုကျေးရွာမှ လူဦးရေ ၂,၆၈၀ ဦးနှင့် ရေသာကျေးရွာမှ လူဦးရေ ၆၂၀ဦးတို့သည် တောတောင်များထဲ တွင် စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်တဲ့အထဲ အကုန်ပါသွားတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ဘာမှမရှိတော့ဘူး။ ဒါတွေ လှူ ပေးနိုင် ကူညီပေးနိုင်သူများရှိကြရင် ကူညီ‌ပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ဒေသခံအမျိုးသမီးတဦးက ပြောသည်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနှင့် ကလေးမြို့နယ်တောင်းပိုင်းရှိ ပျူစောထီးရွာ ၁၂ ရွာမှ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ‌မေလ ၁၆ ရက်နေ့ နံနက် ၆ နာရီမှစ၍ ဂန့်ဂေါ မြို့နယ်မြောက်ပိုင်းရှိ သင်တော၊ ရွှေဘိုနှင့် ရေသာရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ရွှေဘိုရွာနှင့် ရေသာရွာကို မီးရှို့ခဲ့သဖြင့် ရွှေဘိုရွာမှ အိမ်ခြေ ၂၆၆ လုံးနှင့် ရေသာရွာမှ အိမ်ခြေ ၁၅ လုံး စုစုပေါင်း အိမ်ခြေ ၂၈၁ လုံး မီးလောင်ပြာကျကာ အသက် ၈၀ အရွယ် ဦးသာနွယ်နှင့် အသက် ၄၀ အရွယ် အမျိုးသားတဦးအား သတ်ဖြတ်ထားခဲ့ကြောင်း ဂန့်ဂေါမြို့နယ်(ပအဖ)အဖွဲ့မှ ထုတ် ပြန် ထားသည်။

ထိုသို့ မီးရှို့ဖျက်ဆီးပြီးနောက် ညနေပိုင်းတွင် ရွှေဘိုရွာမှသံဃာခုနစ်ပါးကို ဓားစားခံအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားပြီး မြောက်ခင်ရန်းရွာသို့ ပြန်လည်ဝင်ရောက်သွားကာ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင်း အဆိုပါသံဃာများအားပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းအဖွဲ့ကဆိုသည်။

ရွှေဘိုရွာသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းများ၏ သုံးကြိမ်မြောက် မီးရှို့ခံရသဖြင့် အိမ်ခြေ ၅၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၂၉၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ