KNU တပ်မဟာ(၅)နယ်မြေရှိ စခန်း ၃ ခုကို စစ်ကောင်စီတပ် စွန့်ခွာ

ပုံအညွှန်း- KNLA ရဲဘော်အချို့အား တွေ့ရစဉ် (ပုံဟောင်းဖြစ်ပါသည်)

ပုံအညွှန်း- KNLA ရဲဘော်အချို့အား တွေ့ရစဉ် (ပုံဟောင်းဖြစ်ပါသည်)

YT

(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ ကရင်ပြည်နယ် ဖာပွန်ခရိုင် (မူတြော်) အတွင်းရှိ တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်သားများက စွန့်ခွာသွားကြကြောင်း KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။

မေလအတွင်း KNU တပ်မဟာ (၅) နယ်မြေ၊ ဒါးဂွင်နှင့် ဖာပွန်ကားလမ်းအဟောင်းဘေးရှိ လယ်တိုးနှင့် မော်ဖိုးကျိုးစခန်း၊ သံလွင်မြစ်ကမ်းနှင့် တမိုင်သာကွာဝေးသည့် ကျောက်ညှပ်(ဝလူ)စခန်း စသည့်စခန်းများကို စစ်ကောင်စီတပ်သားများက စွန့်ခွာသွားခြင်းဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ကျောက်ညှပ်စခန်းတော့စွန့်ခွာသွားတယ်နော်။ တပါတ်လောက်နီးနီးရှိပြီလို့ပြောတယ်။ ဒီစခန်းက သံလွင်မြစ်ကမ်းနဲ့တမိုင်လောက်ပဲ ဝေးမယ်၊ ဝဲကြီးအပေါ်ဘက်မှာ တည်ရှိတယ်။ ပြီးတော့ လယ်တိုးနဲ့မော်ဖိုးကျိုးစခန်းစွန့်ခွာပြီလို့ အပြင်မှာတော့ ကြားရတယ်။ ဒါပေမယ့် တရားဝင် အဖိုးကိုမပြောသေးဘူးနော်။ ဒီစခန်းတွေက ဗြိတိသျှခေတ်က ဖောက်ထားတဲ့ ထိုင်းနယ်စပ် သံလွင်မြစ်ကမ်း ဒါးဂွင်နဲ့ဖါပွန်ကြား ကားလမ်းဟောင်းပေါ်မှာတည်ရှိပါတယ်။ သံလွင်မြစ်ကနေဆိုရင် ကိုးမိုင်လောက် အကွာမှာ ရှိပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သားများသည် ၎င်းတို့​၏ ဆက်သွယ်ရေး၊ ထောက်ပို့ရေး လမ်းကြောင်းများ ပိတ်ဆို့ခံရမှုများကြောင့်လည်းကောင်း၊ ဖာပွန်မြို့နယ်ရှိ စစ်ဗျူဟာအခြေချ(၁)အပါအဝင် တပ်ရင်းများတိုက်ခိုက်ခံနေရမှုကြောင့် စစ်ကူအဖြစ်သွားရန်လည်းကောင်း စခန်းများကို စွန့်ခွာခြင်းဖြစ်နိုင်သည်ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က သုံးသပ်ပြောဆိုသည်။

ကျောက်ညှပ် (ဝလူ) စခန်းကို စွန့်ခွာသွားသည့် စစ်ကောင်စီတပ်သားများသည် လက်ရှိတွင် ဘူကျိုးစခန်း၌ သွားရောက်ပူးပေါင်းနေကြသည်ဟု တပ်မဟာ (၅) ပြောခွင့်ရက ဆိုသည်။

အလားတူ မော်ဖိုးကျိုးနှင့် လယ်တိုးစခန်းမှ စစ်ကောင်စီတပ်သားများသည် သံလွင်မြစ်ကမ်းအနီးရှိ ခေါပုပ်တပ်စခန်းတွင် စုဝေးနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးထံက သိရသည်။

၂၀၂၄ ခုနှစ်အတွင်း KNLA ပူးပေါင်းတပ်များ​၏ မြေပြင်ထောက်ပို့ရေးလမ်းကြောင်းများကို ပိတ်ဆို့မှုများကြောင့် KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိ တပ်စခန်း ၁၀ လုံးထက်မနည်းကို စစ်ကောင်စီတပ်သားများက စွန့်ခွာသွားကြောင်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)