ငယ်ရွယ်လန်းဆန်းတဲ့ အင်္ဂလန်အသင်း ယူရို ၂၀၂၄ ကို ဆွတ်ခူးနိုင်တယ်လို့ ဘက်ခမ်း ပြော

ငယ်ရွယ်လန်းဆန်းတဲ့ အင်္ဂလန်အသင်း ယူရို ၂၀၂၄ ကို ဆွတ်ခူးနိုင်တယ်လို့ ဘက်ခမ်း ပြော

(AFP) Photo: AFP

By PKThawn အင်္ဂလန်ရဲ့ လူငယ်ကြယ်ပွင့်တွေဟာ အဓိကဆုဖလားအတွက် နိုင်ငံရဲ့ဆယ်စုနှစ်တွေကြာအောင် စောင့်ဆိုင်းခဲ့မှုကို အဆုံးသတ်ဖို့ လာမယ့်နှစ် ဂျာမနီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ “အမှန်တကယ် အခွင့်အရေး”ရှိတယ်လို့ ဒေးဗစ်ဘက်ခမ်းက ပြောပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းက တောက်ပတဲ့ ကလပ်အသင်းကစားသမားဘဝမှာ ဆုတံဆိပ်များစွာ ရရှိခဲ့ပေမယ့် စွမ်းဆောင်ရည်အပြည့်ရှိတဲ့ အသင်းတွေမှာ ကစားနေပေမယ့် နိုင်ငံတကာအဆင့်မှာ ဆုဖလား မကိုင်မြှောက်ခဲ့ပါဘူး။

FIFA ရဲ့ အဆင့်သတ်မှတ်ချက်မှာ အဆင့် (၄)ရှိ ဂါရတ်ဆောက်ဂိတ်ရဲ့ အသင်းဟာ မကြာသေးခင်က ပြိုင်ပွဲကြီးတွေမှာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမိမြေမှာ ဆွတ်ခူးရပြီးနောက်ပိုင်း အောင်မြင်မှုကို မရသေးပါဘူး။

သူတို့ဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပြီး သုံးနှစ်အကြာ ဝင်ဘလေမှာ ဥရောပချန်ပီယံရှစ်ဗိုလ်လုပွဲမှာ အီတလီကို ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

မနှစ်က ကာတာကမ္ဘာ့ဖလားမှာ ပြင်သစ်ကို နောက်ဆုံး( ၈ )အသင်းအဆင့်မှာ ရှုံးခဲ့တဲ့ ဆောက်ဂိတ်ရဲ့ အသင်းဟာ မော်လ်တာ၊ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ ယှဉ်ပြိုင်ရမယ့် လက်ကျန် နှစ်ပွဲနဲ့အတူ ယူရို ၂၀၂၄ ကို ဝင်ခွင့်အောင်မြင်ပြီးဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်မှာ ကောင်းမွန်တဲ့ ရာသီတခုကို ဖြတ်သန်းနေတဲ့ ဟယ်ရီကိန်းနဲ့ အသက် ၂၀ အရွယ် ရီးယဲလ်မက်ဒရစ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်တို့အပါအဝင် အသင်းဟာ အထင်ကြီးလောက်စရာ တိုက်စစ်စွမ်းရည်တွေ ပိုင်ဆိုင်ထားပါတယ်။

“ဒီအင်္ဂလန်အသင်းကို ကျနော် တကယ်ယုံကြည်ပါတယ်”လို့ အသက် ၄၈ နှစ်အရွယ် ဘက်ခမ်းက AFP ကို ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ”သူ လုပ်ဆောင်နေတဲ့အရာတွေနဲ့ အခုချိန်မှာ နှစ်အတော်ကြာအောင် သူ လုပ်ခဲ့ပြီးတာတွေအတွက် ဂါရတ် ဆောက်ဂိတ်ကို ကျနော် ယုံကြည်ပါတယ်။

“အီတလီနဲ့ ယူရို ဖိုင်နယ်မှာ ရှုံးနိမ့်ရတာက ကျနော်တို့တွေ ကံမကောင်းခဲ့ပါဘူး၊ ဒါပေမယ့် ကျနော်တို့ အရမ်းနီးစပ်ခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ နိုင်ငံအသင်း အောင်မြင်မှု တမျိုးမျိုး ရလာတဲ့အခါ ကျနော်တို့ရဲ့ နိုင်ငံ စည်းလုံးညီညွတ်မှုကို မျှဝေခံစားမှုက မယုံနိုင်စရာဖြစ်တယ်ဆိုတာ ကျနော် မြင်တွေ့ပြီးပါပြီ။”

ယူနီဆက်ဖ်ရဲ့ ချစ်ကြည်ရေးသံတမန်အဖြစ် အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေတဲ့ မန်ချက်စတာနဲ့ ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်းက “ကျနော် ကြိုပြီးသိမပြောလိုပေမယ့် ယူရို ၂၀၂၄ မှာ ကိုးလ်ပါလ်မာလို၊ ဂျုဒ် ဘယ်လင်ဟမ်လို လူငယ်ကစားသမားတွေနဲ့ အသင်းမှာ ရှိနေတဲ့ တခြားကစားတွေနဲ့အတူ တကယ့်အခွင့်အရေး ရှိတယ်လို့ ကျနော် ထင်ပါတယ်။

“သေချာတာပေါ့၊ ကျနော်တို့မှာ ဟယ်ရီကိန်းလို အသင်းခေါင်းဆောင်တယောက် ရှိနေပြီး သူ့အသင်းကို ဆက်ပြီး တွန်းအားပေးနေပြီး ဂိုးတွေဆက်သွင်းနေဆဲပါ။ အဲဒါကြောင့် ကျနော်တို့မှာ အခွင့်အရေးရှိနေတယ်လို့ ထင်ပါတယ်။”

အင်္ဂလန်အသင်းဟာ သုံးရက်အကြာမှာ မြောက်မက်ဆီဒိုးနီးယားအဝေးကွင်း မတွေ့ဆုံခင် သောကြာနေ့မှာ မော်လ်တာအသင်းကို လက်ခံကစားမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ လာမယ့် လရဲ့ အုပ်စုအဆင့်မဲခွဲမှုအတွက် အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး အသင်းတသင်းအဖြစ် ရပ်တည်နိုင်ဖို့ ရည်မှန်းထားတာကြောင့် ခြေစစ်ပွဲကို ရလဒ်အကောင်းဆုံးနဲ့ ပြီးဆုံးလိုကြပါတယ်။