ထောင်တွင်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် PPNM တောင်းဆို

ပုံအညွှန်း - ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုပေးရန် တောင်းဆိုနေကြစဥ်။(ဓါတ်ပုံ - PPNM)

ပုံအညွှန်း – ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုပေးရန် တောင်းဆိုနေကြစဥ်။(ဓါတ်ပုံ – PPNM)

ပါခွီး

(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံ အကျဥ်းထောင်များအတွင်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်( PPNM)က ယနေ့ (မေလ ၂ရက်)တွင် တောင်းဆိုလိုက်သည်။

အကျဥ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းကြောင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ ၂၀၂၄ခုနှစ် မေလ ၁ရက်နေ့အထိ နိုင်ငံရေးအကျဥ်းသား အမျိုးသမီး အမျိုးသား အနည်းဆုံး ၂၄ဦးအသက်ဆုံးရှုံးခဲ့ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေရန် တောင်းဆိုခြင်းဖြစ်သည်။

အကျဥ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးများထားရှိပြီး မိသားစုများပေးပို့သည့် နိုင်ငံခြားဆေးဝါးများကို အပြည်အဝလက်ခံရန် PPNM တောင်းဆိုချက်တွင် ဖော်ပြသည်။

၎င်းအပြင် ထောင်တွင်းဖျားနာလူနာများနှင့် ဒဏ်ရာရလူနာများကို လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် အရေးကြီးလူနာများကို ထောင်ပြင်ပဆေးရုံများတွင် အချိန်နှင့်တပြေးညီပို့ဆောင်ပေးရန်လည်း ပါရှိသည်။

“ဘာလာလာ ပါရာ ပဲ ၊ ဘာရောဂါဖြစ်ဖြစ် ပါရာစီတမော ၊ ဘာမီတွန်နဲ့ စီဗစ်ပေးတယ် ၊ နောက်ပိုင်း ၅၀၅ပုဒ်မနဲ့ ဆရာဝန်တယောက်ရောက်လာမှပဲဆေးထိုးရတယ် ၊ ကျန်းမာရေးအတွက် ချပေးတဲ့ငွေတွေ အဆင့်ဆင့် အိတ်ထဲထည့်ကြတာ” ဟု ကလေးမြို့ထောင်တွင် အပြစ်ဒဏ်ကျခံခဲ့သူ တဦးက မဇ္စျိမကိုပြောသည်။
ဆေးဝါးများအတွက် ပြင်ပရှိဆေးဆိုင်များထံမှ သက်တမ်းကုန်ခါနီးနှင့် သက်တမ်းကုန်ပြီးသော လှူဒါန်းသည့် ဆေးဝါးများကိုသာ အများဆုံးအသုံးပြုနေရသည်ဟု ဆိုသည်။

အရေးပေါ်အသက်လုရမည်ဆိုပါက သေဆုံးရန်အလားလာများကြောင်း ၎င်းနေထိုင်ခဲ့ရချိန်အတွင်း နိုင်ငံရေးအကျဥ်းသားအပါအဝင် ရှစ်ဦး သေဆုံးခဲ့မှုကို အခြေခံပြီး ၎င်းကဆက်ပြောသည်။

အရေးပေါ်အခြေအနေများအတွက် ဆရာဝန် ၊ နားကျပ်နှင့် အောက်စီဂျင်အိုးတလုံးသာရှိပြီး အခြားအထောက်ကူပြုပစ္စည်း ဆေးဝါးလုံလောက်မှုမရှိကြောင်း ပြောသည်။

နိုင်ငံခြားသားအမှုနှင့် ထောင်ကျလာသည့် အိန္ဒိယနိုင်ငံသားတဦး အကျဆောင်မှ ဆေးရုံဆောင်သို့အသွား လူများသဖြင့် နောက်ရက်မှပြန်သရန် အဆောင်မှူး တပွင့်ထောင်မှူးက အမိန့်ပေးခဲ့ပြီး နောက်ရက်တွင် အဆုတ်တွင်း ရေဝင်နေသဖြင့် ၎င်းအိန္ဒိယနိုင်ငံသား သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဆေးကုသမှုခံယူရန် အဆောင်မှ ဆေးရုံဆောင်သို့ ထွက်ခွင့်ရရေး အဆင့်ဆင့်တင်ပြမှုများကို နာရီများစွာစောင့်ရပြီး ထောင်ပြင်သို့ ကုသမှုခံယူရန် ထောင်ကျသူနှင့် အပြင်မှမိသားစုများ များစွာလုပ်ကိုင်ဆောင်ရွက်ရကြောင်း သိရသည်။

ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ယခင်က ICRC နှင့် လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ ထောင်အတွင်း စစ်ဆေးမှုများရှိခဲ့သော်လည်း အာဏာသိမ်းပြီး သုံးနှစ်အတွင်း၌ အကျဥ်းဦးစီးမှ ညွှန်မှူး ၊ ညွှန်ချုပ်များလာရောက်ပြီး အပေါ်ယံကြည့်ရှုကာ အကျဥ်းသားများအခွင့်အရေး ပိုမိုဆုံးရှုံးလာခဲ့ကြောင်း PPNM တာဝန်ရှိသူ ကပြောသည်။

အကျဥ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ကျဆုံးခဲ့ကြရသည့် နိုင်ငံရေးအကျဥ်းသား ရဲဘော်များ နောက်ထပ်သေဆုံးမှုထပ်မဖြစ်စေရန် ရည်ရွယ်၍ “အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး” ဓာတ်ပုံ ကမ်ပိန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ယနေ့ (မေလ ၂ရက်)တွင် ပြုလျက်ရှိသည်။

ယင်းကမ်ပိန်းတွင် လုံခြုံရေးအရ နောက်ကျောပေး၍ လက်ကိုနောက်ပြန်ချိတ်ကာ “ အသက်တွေကို ပိတ်မထားနှင့် ဖွင့်ပေး” စာသားရေးသား၍ ဓာတ်ပုံရိုက်ပြီးပေးပို့ကြရန် နိုင်ငံရေးအကျဥ်းသားဟောင်းများ ၊ မိဘပြည်သူများ ၊ သပိတ်အင်အားစုများအနေဖြင့် ပူးပေါင်းပါဝင် တောင်းဆိုပေးကြပါရန် တိုက်တွန်းတောင်းဆိုထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)