ရွှေကျင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို KNLA နှင့် BPLA ပူးပေါင်းတပ် သိမ်းပိုက်

ရွှေကျင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို KNLA နှင့် BPLA ပူးပေါင်းတပ် သိမ်းပိုက်

ရွှေနွယ် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ရွှေကျင်မြို့နယ် ၊ကျားချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၃၅၁) အခြေစိုက်ရာ တောင်ခြေစခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်ဦး (BPLA )ပူးပေါင်းတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က မိနစ် ၂၀ ခန့်ကြာမြင့်အောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထို့နောက် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း BPLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ်မသိနိုင်သေးသော်လည်း စခန်းကိုမူ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်းမှ ၆၀မမ တလက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jammer တခု၊ စကားပြောစက်အကြီး တလုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊ RPGသီး ၂၂လုံး၊ RPG ပို့ယမ်း ၁၆ခု၊ တင့်ဖျက် သုံးခု၊ ၄၀မမဗုံးသီး ၁၂လုံး၊ မြေမြှုပ်မိုင်း ကိုးလုံး နှင့် ၅.၅၆ကျည် ၁၁၂၈တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ကျားချောင်းကျေးရွာသည် ရွှေကျင်မြို့၏ တောင်ဘက် ကျိုက်ထိုမြို့ဧရိယာအနီးတွင်တည်ရှိပြီး ထိုသို့တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် ရွှေကျင်မြို့တဝိုက်သို့ စစ်ကောင်စီ၏ လေယာဉ်များ ပျံဝဲလျက်ရှိကြောင်းလည်း BPLA တပ်ဖွဲ့ဝင်၏ ပြောဆိုချက်အရ သိရှိရသည်။

အဆိုပါ ခြေမြန်တပ်ရင်း(၃၅၁)မှ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးကျော်မျိုးထွန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းက CDM ပြုလုပ်ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးခိုလှုံလာခဲ့သော်လည်း ဒီဇင်ဘာလတွင်မူ ၎င်းမှာပျောက်ဆုံးသွားခဲ့ပြီး စစ်ကောင်စီနှင့် ပြန်လည်ပူးပေါင်းသွားခဲ့ဖူးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး