ကျားတက်ရဲစခန်းတိုက်ပွဲ ၇ ဦးသေဆုံး ကျန်သူများစခန်းစွန့်ထွက်ပြေး

ကျားတက်ရဲစခန်းတိုက်ပွဲ ၇ ဦးသေဆုံး ကျန်သူများစခန်းစွန့်ထွက်ပြေး

ကျားတက်ကျေးရွာရဲစခန်းနှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ ရစဉ် (ဓါတ်ပုံ – Salingyi Special Task Force)

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျားတက်ရွာရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားများနှင့် ရဲများကို ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံးပြီး ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာသွားကြကြောင်း Salingyi Special Task Force အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် ကျားတက်ရဲစခန်းအတွင်းမှ ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ကျားတက်ရွာအတွင်းတွင် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Salingyi Special Task Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

၎င်းက “ စခန်းကိုဝင်တိုက်ရတာခက်လို့ စခန်းပတ်လည်မှာ ကင်းတွေချပြီး သူတို့ကို ဖြတ်တောက်ထားတာ၊ အဲ့အချိန်မှာ သူတို့ ၁၅ ယောက်လောက် ရိက္ခာရှာထွက်တာကို ကျတော်တို့က စီးပစ်တာ၊ အဲ့မှာ မျက်မြင်သေဆုံးသူ ခုနစ်ယောက်ရှိခဲ့တယ်၊ သေနတ် လေးလက် ရလိုက်တယ်။ ” ဟုပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ထံ မှ MA-1 နှစ်လက်၊ MA-3 တလက် ၊ G4 တလက် လက်ပစ်ဗုံး ငါးလုံးနှင့် အီနာဂါ တလုံး သိမ်းဆည်းရရှိခဲ့ကြောင်းကိုလည်း Salingyi Special Task Force အဖွဲ့ က အသိပေးထားသည်။

စခန်းအတွင်းကျန်ရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဘက်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် မိနစ် ၃၀ ခန့် အထိ လာရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း Salingyi Special Task Force အဖွဲ့ ထံမှ သိရသည်။

ယင်းနောက် ကျားတက်ကျေးရွာအနီးရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ တွင် ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စခန်းအတွင်း ကျန်ရှိနေသည့်သူများကိုပါ ခေါ်ဆောင်သွားကြောင်း Salingyi Special Task Force အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ စစ်ကြောင်းထွက်သွားတဲ့နေ့ ညနေပိုင်းက စခန်းကို ချဉ်းကပ်ကြည့်တဲ့အခါမှာ စခန်းထဲမှာ ဘယ်သူမှ မရှိတော့ဘူး၊ အဲ့ဒါနဲ့ မနေ့က မနက်က စခန်းအတွင်းကိုဝင်ပြီး စခန်းတွေကို ဖြိုဖျက် ဘန်ကာတွေကို ဖြိုဖျက်ပြီး တလင်းပြင် လုပ်ပစ်လိုက်တယ် “ဟု Salingyi Special Task Force အဖွဲ့ တာဝန်ရှိသူက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြောသည်။

ကျားတက်ရဲစခန်းသည် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၃၀ နီးပါးဖြင့် အထိုင်ချတပ်စွဲထားသည် စခန်းတခုဖြစ်ပြီး အနီးအနားပတ်ဝန်းကျင်ရှိ ဒေသခံများကို မောင်းထုတ်ခြင်း ကျားတက် ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)