တယ်လီကွန်းလိမ်လည်မှု သံသယရှိသူ ၃၁,၀၀၀ ကျော်ကို မြန်မာဘက်မှ တရုတ်သို့ လွှဲပြောင်းပေး

တယ်လီကွန်းလိမ်လည်မှု သံသယရှိသူ ၃၁,၀၀၀ ကျော်ကို မြန်မာဘက်မှ တရုတ်သို့ လွှဲပြောင်းပေး

တရုတ်-မြန်မာ နှစ်နိုင်ငံသည် စက်တင်ဘာလတွင် အွန်လိုင်း အလိမ်အလည် ရိုက်စားများအပေါ် ဖြိုခွင်းနှိမ်နင်းမှုတရပ် စတင်လုပ်ဆောင်ပြီးနောက်ပိုင်း တယ်လီကွန်း လိမ်လည်မှု ကျူးလွန်သည်ဟု သံသယရှိသူ ၃၁,၀၀၀ ကျော်ကို မြန်မာဘက်မှ တရုတ်သို့ လွှဲပြောင်းပေးပို့ထားကြောင်း တရုတ်အာဏာပိုင်များက နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။

သံသယရှိသူများထဲတွင် ‘ငွေကြေးထောက်ပံ့သူ’ ၆၃ ဦး ပါဝင်သလို တရုတ်နိုင်ငံသားများကို ငွေအမြောက်အမြား လိမ်လည်ထားသည့် ရာဇဝတ်ဂိုဏ်းအဖွဲ့များ၏ ဂိုဏ်းခေါင်းဆောင်များလည်း ပါဝင်ကြောင်း တရုတ်၏ အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

“ဖြိုခွင်းနှိမ်နင်းမှုက သိသာထင်ရှားတဲ့ ရလဒ်တွေ ရရှိထားတယ်” ဟု ဝန်ကြီးဌာနက ပြောသည်။

တရုတ်အနောက်တောင်ပိုင်းနှင့် နယ်စပ်တခု ထိစပ်နေသည့် မြန်မာနိုင်ငံရှိ ရိုက်စားလိမ်လည်မှုစင်တာ ၁,၀၀၀ ထက်မနည်းတွင် တယ်လီကွန်း လိမ်ညာမှု၌ တနေ့လျင် လူပေါင်း ၁၀၀,၀၀၀ ကျော် ပါဝင်ပတ်သက်နေကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

တရုတ်ရဲများသည် စက်တင်ဘာလက လိမ်ညာမှုများအပေါ် ဖြိုခွင်းနှိမ်နင်းမှုများ စတင်ခဲ့သလို ယခုလတွင်လည်း မြန်မာနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများအပေါ် ‘မြန်ဆန်သည့် တိုက်ခိုက်မှုများ’ ဟု ဆိုသည့် နှိမ်နင်းမှုကို လုပ်ဆောင်ခဲ့သည်။

ဂိုဏ်းအဖွဲ့တခုမှ မြန်မာဂိုဏ်းခေါင်းဆောင်တဦးသည် မြန်မာစစ်ကောင်စီတာဝန်ရှိသူများလက်မှ ထွက်ပြေးရင်း ပြီးခဲ့သည့်သီတင်းပတ်က ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားကြောင်း တရုတ်ရဲများက ပြောသည်။ ယင်းနောက် ၎င်း၏ ဂိုဏ်းအဖွဲ့မှ အဖွဲ့ဝင်သုံးဦးကို တရုတ်ရဲများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာတွင် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် တယ်လီကွန်း ရိုက်စားလုပ်ငန်းများ များပြားနေချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး နုန်ရုန်သည် ယခုလအတွင်း မြန်မာသို့ လာရောက်ပြီး တရုတ်အနေဖြင့် အွန်လိုင်း လောင်းကစားမှု အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ကိုင်တွယ်တိုက်ဖျက်ရေးအတွက် မြန်မာနှင့် အတူ လုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောသည်။

ထို့ပြင် နှစ်နိုင်ငံ နယ်စပ် ဒေသ၌ တည်ငြိမ်မှု ရှိရေး ထိန်းသိမ်းရာတွင် မြန်မာကို တရုတ်အနေဖြင့် ထောက်ခံကြောင်း နုန်က ပြောသည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီသည် လက်ရှိတွင် နိုင်ငံ၏ နယ်စပ်ဒေသများရှိ နေရာ အများအပြားတွင် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရလျက် ရှိပြီး မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဒီမိုကရေစီလိုလားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ အုပ်ချုပ်မှုကို စိန်ခေါ် တိုက်ခိုက်လျက် ရှိသည်။

ငြိမ်းချမ်းရေးအတွက် တရုတ်က တောင်းဆိုထားသည်။

“တရုတ်အနေနဲ့ ငြိမ်းချမ်း‌ရေး ဆွေးနွေးမှုတွေကို အားပေးဖို့ ကိုယ်ပိုင်နည်းလမ်းနဲ့အတူ အပြုသဘောဆောင်တဲ့ အခန်း ကဏ္ဍ တခုကနေ ပါဝင်ထားပါတယ်။ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးဖို့နဲ့ တတ်နိုင်သမျှ အမြန်ဆုံး အပစ်ရပ်စဲပြီး စစ်ကို အဆုံးသတ်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့တွေကို တိုက်တွန်းပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။