အိန္ဒိယဗဟိုအစိုးရက မြန်မာနှင့် ခြံစည်းရိုးကာမည်ကို လက်မခံနိုင်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ် ပြောကြား

ပုံအညွှန်း- မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒိုအားမား ၊ (ဓါတ်ပုံ – Twitter)

Deccan Herald

မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၅၁၀ ရှည်လျားသော နယ်နိမိတ်ကို ဗြိတိသျှတို့က သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်သားများက ယူဆနေခြင်းကြောင့် နိုင်ငံတကာ နယ်နိမိတ်ကို ခြံစည်းရိုးကာရံခြင်းအား လက်မခံနိုင် ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒိုအားမားက အိန္ဒိယဗဟိုအစိုးရအား ပြောကြားလိုက်သည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံလာခဲ့ကြသည့် အိမ်နီးချင်း မြန်မာနိုင်ငံမှ ထောင်နှင့်ချီသောလူများတွင် အများစုမှာ မီဇိုရမ်ပြည်နယ်တွင် နေထိုင်သူများနှင့် မျိုးနွယ်တူ ကြသည်။

“မီဇိုရမ်ဘက်ခြမ်းရှိ အင်ဒို-မြန်မာ နယ်နိမိတ်ကို အကျိုးသက်ရောက်မှုကို ခံစားရမယ့် ပြည်သူတွေရဲ့ သဘော ဆန္ဒမပါဘဲ ဗြိတိသျှတို့က နယ်နိမိတ်သတ်မှတ်ခဲ့ပါတယ်” ဟု လာဒိုအားမားက ၀န်ကြီးချုပ် မိုဒီကို ပြောကြား ခဲ့သည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလက အရှေ့မြောက်ပိုင်းပြည်နယ်၏ ၀န်ကြီးချုပ်ဖြစ်လာသော လာဒိုအားမားသည် နယူး ဒေလီမြို့ရှိ မိုဒီ၏ တရားဝင်နေအိမ်တွင် ပထမဆုံးအကြိမ် မိုဒီနှင့် တွေ့ဆုံခဲ့သည်။

မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံလာခဲ့ကြသည့် မြန်မာနိုင်ငံသားအများစုသည် ချင်းပြည်နယ်မှ ဖြစ်ပြီး ဇို (ချင်း)လူမျိုးစုဟုလည်း ခေါ်ကြသည်။ ၎င်းတို့သည် မီဇိုရမ်ပြည်နယ်ရှိ မီဇိုများနှင့် မျိုးနွယ်နှင့် ယဉ်ကျေးမှု တူညီသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံအနောက်ဘက်ရှိ ပြည်နယ်တခုဖြစ်သည်။

အင်ဒို-မြန်မာနယ်စပ်ခြံစည်းရိုးခတ်ခြင်းအား မီဇိုလူမျိုးများက လက်ခံနိုင်ဖွယ်မရှိကြောင်း သီးခြားအစည်း အဝေးတခုတွင် လာဒိုအားမားက နိုင်ငံခြားရေးရာဝန်ကြီး ဂျိုင်းရှန်ကာအား အကြောင်းကြားခဲ့ကြောင်း တခြားတရားဝင် ထုတ်ပြန်ချက်တစောင်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်မျဉ်းကြား ကီလိုမီတာ ၃၀၀ ရှည်လျားသော ခြံစည်းရိုးခတ်ရန် ဗဟိုအစိုးရက စီစဉ်နေ ကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် ယင်းထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ နယ်စပ်မျဉ်း၏ နှစ်ဘက်စလုံးတွင် နေထိုင်ကြသော ပြည်သူများက နှစ်ဖက်နယ်မြေ၏ ၁၆ ကီလိုမီတာအတွင်း ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ရှိသည်ကို ဗဟိုအစိုးရက ရပ်ဆိုင်းရန် စီစဉ်နေသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ဝင်ရောက်လာမှုနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်က ဝန်ကြီးချုပ်မိုဒီထံ အကြောင်းကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၃၁,၀၀၀ ကျော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ခိုလှုံနေကြ ကြောင်း ပြည်နယ် ပြည်ထဲရေးဌာနက ဖော်ပြထားသည်။

ပြည်နယ်အစိုးရနှင့် မီဇိုလူမျိုးများက မြန်မာနိုင်ငံမှ ခိုလှုံလာသည့် မျိုးနွယ်တူများအား အမိုးအကာနှင့် အစောင့် အရှောက်ပေးလိုကြောင်း လာဒိုအားမားက ပြောကြားခဲ့သည်။

မီဇိုရမ်ခရိုင်ခြောက်ခုဖြစ်သည့် ချမ်ဖိုင်၊ ဆိုင်ဟာ၊ လွန်ငလိုင်၊ ဆာချစ်၊ ဟန်ထယ်၊ ဆိုင်ထယ်တို့သည် မြန်မာနိုင်ငံ၏ ချင်းပြည်နယ်နှင့် ကီလိုမီတာ ၅၁၀ ရှည်လျားသော နိုင်ငံတကာနယ်စပ်မျဉ်း ဆက်စပ်နေသည်။

မြန်မာနိုင်ငံမှ ရောက်ရှိလာသော ဒုက္ခသည် အများစုမှာ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ကြပြီး အချို့ကို ဒေသခံ ဆွေမျိုးများက နေရာပေးကြပြီး အချို့မှာ အိမ်ငှားနေထိုင်ကြရသည်။