ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီဒုတပ်ရင်းမှူး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီဒုတပ်ရင်းမှူး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

အခင်းဖြစ်ပွားရာနေရာ (ဓါတ်ပုံ- ပေးပို့)

YT မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၉၇) ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။

ဗိုလ်မှူးအေးချမ်းသည် ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ ဆံပင်ညှပ်ဆိုင်တဆိုင်တွင်ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ကားပေါ်မှနေ၍ စနိုက်ပါဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက မဇ္ဈိမကိုပြောသည်။

ဒေသခံတဦးက ” ခလရ (၉၇) ဒုရင်းမှူး ဗိုလ်မှူး အေးချမ်း အရှင်းခံလိုက်ရတာက အမှန်ပါပဲ။ ဆံပင်ညှပ်ဆိုင်မှာ အသတ်ခံရတာ” ဟု ဆိုသည်။

ဗိုလ်မှူးအေးချမ်းသည် ဆံပင်ညှပ်ဆိုင်အတွင်း၌ပင် သေဆုံးသွားခဲ့ပြီး မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးချေ။ ဒေသတွင်း တော်လှန်ရေးအင်အားစုများအား ဆက်သွယ်မေးမြန်းသောအခါ ဗိုလ်မှူးအေးချမ်းသည် စနိုက်ပါဖြင့် အပစ်ခံရပြီး သေဆုံးသည်ဟု အတည်ပြုသည်။ သို့သော်အသေးစိတ်မသိရသေးဟုဆိုသည်။

အထက်ပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ ဆံပင်ညှပ်ဆိုင်သို့ရောက်ရှိလာသည်ဟု သိရသည်။ နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးပေ။

ဗိုလ်မှူးအေးချမ်းသည် အသက်(၃၇)နှစ်အရွယ်ဖြစ်ပြီး ဘုရားသုံးဆူမြို့တွင် တာဝန်ကျနေသည်မှာ ခြောက်လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်နှင့် ၎င်း​၏လက်အောက်ခံတပ်ဖွဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)အပြင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU၊ KNLA- PC)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( MNLA)စသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များလှုပ်ရှားလျက်ရှိသည်။

စာတည်း – အေးချမ်း