မင်းတပ်မြို့ပေါ် မီးလောင်မှု စစ်ဘေးရှောင်များ၏ အိမ် ၂၁လုံးဆုံးရှုံး

ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် မင်းတပ်မြို့၌ လူနေအိမ်များ မီးလောင်ကျွမ်းသည့်မြင်ကွင်း

ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အဝင်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော မီးသတ်ကုန်းဝန်ထမ်းအိမ်ယာအနီး မီးလောင်ကျွမ်းခဲ့ပြီး စစ်ဘေးရှောင်များ၏နေအိမ်၂၁လုံး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့(ဧပြီလ ၁၁ရက်) မွန်းလွဲ ၂နာရီ ၂၅မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းသွားခြင်းဖြစ်ပြီး ညနေ ၆နာရီ ၃၀မိနစ်အချိန်မှ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံတဦးက မဇ္စျိမအားပြောသည်။

“လူတွေမရှိဘူးအိမ်အားလုံးက။ ရွာဘက်တွေမှာ စစ်ဘေးရှောင်ကြတာ။စစ်ရှောင်တာက နှစ်နဲ့ချီပြီ။ ခုညနေလေးမှာ ပြည်သူတွေဝိုင်းငြှိမ်းကြလို့ ဆက်မကူးတော့တာပါ။”ဟု အဆိုပါဒေသခံက ပြောသည်။

မီးလောင်ရသည့်အကြောင်းအရင်းကိုမသိရှိရသေးပေ။မီးစတင်လောင်ကျွမ်းသည့်နေရာ ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်များမှ မြေမြုပ်မိုင်းများထောင်ထားသည်ဟု ဒေသခံများကပြောသည်။ ထို့ကြောင့် အနီးနားပတ်ဝန်းကျင်နေသူများသည် ချက်ချင်းမလာရဲကြဘဲ မီးကူးဆက်မှုလျှင်မြန်သွားခဲ့ခြင်းဟု ဒေသခံသတင်းရင်းမြစ်က ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁ရက်နေ့တွင်လည်း မင်းတပ်မြို့ ၊ ဘဝသစ်ရပ်ကွက် ၊ လူမှုဝန်ထမ်းရုံးအရှေ့ဘက်က ဒုတိယမြို့ပတ်လမ်းပေါ်ရှိ လူနေအိမ် ရှစ်လုံးမီးလောင်ခဲ့သည်။ ထိုစဉ်ကလည်း မီးငြှိမ်းသတ်ရန်ရေမရှိ၍ အခက်အခဲအလွန်ကြုံခဲ့ကြောင်း မင်းတပ်မြို့ဒေသခံများကပြောသည်။

စာတည်း – အေးချမ်း