မြဝတီတွင် လေကြောင်းတိုက်ခိုက်ခံရကာ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ပုံအညွှန်း- ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေသည့် မြဝတီဒေသခံများ (ဓါတ်ပုံ- လူမှုကွန်ရက်)

YT
မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်ခံရကာ ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံထံက သိရသည်။

“ဝါးစကင်းဘက်မှာက အိမ်ပေါ်ကိုဗုံးသီးပြုတ်ကျတာ၊ ကလေးငယ်တဦး သေတယ်။ နောက်ထပ် ကလေးတယောက်ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်။ အစစင်တာပေါ့။ ဒါက ကိုယ်တိုင် တွေ့ကြုံတာပါ” ဟု မြဝတီမြို့ခံတဦးက နေ့လယ်ပိုင်းက ဝါးစကင်းရပ်ကွက်တွင် ဖြစ်ပွားသည့် အခြေအနေကို မဇ္ဈိမကိုပြောသည်။

ထို့အတူ ရေပူကျေးရွာရှိ မဟာစည်ဘုန်းကြီးကျောင်းဝင်းအတွင်း လေကြောင်းတိုက်ခိုက်ခံရကာ အမျိုးသမီးတဦး သေဆုံးပြီး ကလေးငယ်တဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

“အမျိုးသမီးတယောက်နဲ့ ကလေးတယောက် ထိတယ်။ အမျိုးသမီးကတော့ ဆုံးသွားပြီ။ ကလေးလေးကတော့ ခြေထောက်ထိထားပါတယ်” ဟု ဒေသခံအမျိုးသမီးတဦးက ရေပူကျေးရွာဖြစ်စဉ်ကို ပြောသည်။

လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ရေပူကျေးရွာ၊ (၁၃) ဂိတ်၊ မြေနီကုန်းရပ်ကွက်တို့တွင် အဆောက်အဦး ပျက်စီးမှု၊ မီးလောင်မှုများလည်း ရှိကြောင်း ဒေသခံက ဆက်ပြောသည်။

ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂)၊ မြန်မာဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွါးနေခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ ခလရ (၂၇၅)တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂)၌ ပုန်းခိုနေကြပြီးထိတွေ့တိုက်ပွဲဖြစ်ကြခြင်းဖြစ်သည်ဟု သိရသည်။

ထိတွေ့တိုက်ပွဲများကြောင့် အမှတ် (၂) တံတားအနီးရှိ ရေပူ၊ ဝါးတော၊ ဝါးစကင်း၊ အမှတ်(၈)ဂိတ်၊အမှတ် (၁၂)ဂိတ်၊ အမှတ် (၁၃)ဂိတ်နှင့် အမှတ်(၁၄) ဂိတ်တို့မှ ပြည်သူ ၂၇၀ ကျော် သောင်ရင်းမြစ်မှတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ခိုလှုံနေကြကြောင်း ထိုင်းသတင်းဌာန Khaosod ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာစံတော်ချိန် ညနေ ၆ နာရီ မေးမြန်းချက်အရ အမှတ် (၂) တံတားတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်စဲသွားပြီဖြစ်သော်လည်း လက်နက်ကြီး ပစ်ခတ်သံအချို့ ကြားနေရကြောင်း ဒေသခံထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ