ရေးမြို့နယ်တွင် ရဲတပ်ကြပ် လက်နက်နှင့်အတူ YGF ထံခိုလှုံ

ပုံအညွှန်း-YGF ထံသို့ ခိုလှုံလာသည့် ရဲတပ်ကြပ် နှင့် ၎င်းယူဆောင်လာသည့် လက်နက်ခဲယမ်းများ

ပုံအညွှန်း-YGF ထံသို့ ခိုလှုံလာသည့် ရဲတပ်ကြပ် နှင့် ၎င်းယူဆောင်လာသည့် လက်နက်ခဲယမ်းများ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ရဲစခန်းမှ ရဲတပ်ကြပ်အဆင့်ရှိသူသည် လက်နက်အပြည့်အစုံဖြင့် ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ခိုလှုံလာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ YGF က ထုတ်ပြန်သည်။

YGFထံ ခိုဝင်လာသူမှာ အသက် ၅၅ နှစ်အရွယ်ရှိ ရဲတပ်ကြပ် မင်းနောင် ဆိုသူဖြစ်ပြီး “စစ်ကောင်စီသည် ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်နေသည်ကို မနှစ်မြို့ခြင်း၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ််များကို မီးရှို့ဖျက်ဆီးခြင်း၊ မတရားသိမ်းဆည်းခြင်း၊ ခိုးယူလုယက်ခြင်းကို ရွံရှာပြီး အာဏာရှင်စနစ်အတွက် ကျွန်သဖွယ် လုပ်ကိုင်ရသည်ကို မုန်းတီးခြင်းတို့ကြောင့် CDM ပြုလုပ်ရခြင်းဖြစ်သည်”ဟု ၎င်းက ဝန်ခံပြောဆိုကြောင်း YGF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းသည် ရဲတပ်ဖွဲ့ဝင်အဖြစ် ၃၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ကောင်စီလက်အောက်တွင် တာဝန်ဆက်လက် မထမ်းဆောင်လိုသဖြင့် G3 သေနတ် တလက်၊ ကျည်ဘောက်နှစ်ခု၊ ကျည် ၁၀၀ တောင့် နှင့်အတူ YGF တပ်ဖွဲ့ထံ ဆက်သွယ်ကာ ခိုလှုံလာခြင်းဖြစ်ကြောင်း YGF တာဝန်ခံ ဗိုလ်ကျန်ရစ်က ပြောသည်။

“ဒါရေးမြို့နယ်မှာ ပထမဆုံး လက်နက်အပြည့်အစုံနဲ့ CDM လုပ်တာပါ။ အခုက သူတို့(ရဲနှင့် စစ်ကောင်စီတပ်သား)ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ အချိန်ရှိတုန်းမှာ အမြန်ဆုံး ပြည်သူတွေနဲ့ ပူးပေါင်းပေးကြပါ” ဟု YGF တာဝန်ခံ ဗိုလ်ကျန်ရစ်က တိုက်တွန်းပြောဆိုထားသည်။

CDM ပြုလုပ်မည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမည့်အပြင် လုံခြုံရေးကိုလည်း အပြည့်အဝ တာဝန်ယူသွားမည်ဟု YGF က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး